Home သတင်း မဲဆောက်တွင် လျှပ်စစ်နှင့် ရေမီတာခများကို မိုဘိုင်း App ဖြင့်သာ ပေးဆောင်ရမည့်စနစ် စတင်၊ မြန်မာလုပ်သားများ အခက်အခဲရှိနိုင်ဟု ဆို

မဲဆောက်တွင် လျှပ်စစ်နှင့် ရေမီတာခများကို မိုဘိုင်း App ဖြင့်သာ ပေးဆောင်ရမည့်စနစ် စတင်၊ မြန်မာလုပ်သားများ အခက်အခဲရှိနိုင်ဟု ဆို

11
Photo: Social Media

ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် လျှပ်စစ်မီတာခနှင့် ရေခွန်များကို မြို့နယ်စည်ပင်ရုံး၌ လူကိုယ်တိုင် သွားရောက်ပေးဆောင်သည့်စနစ်ကို ပြီးခဲ့သည့် ဇူလိုင် (၆) ရက်မှစတင် ရပ်ဆိုင်းလိုက်ပြီး မိုဘိုင်းဖုန်း Application မှတစ်ဆင့် ပေးဆောင်ရသည့်စနစ်သို့ ပြောင်းလဲလိုက်ကြောင်း သိရသည်။

အဆိုပါ Smart City စနစ်သို့ ပြောင်းလဲခြင်းမှာ ပြည်သူများအတွက် ဝန်ဆောင်မှု ပိုမိုမြန်ဆန်ထိရောက်စေရန်နှင့် အချိန်ကုန်သက်သာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။

သို့သော် မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ဘဏ်အကောင့်မရှိခြင်းနှင့် နည်းပညာအသုံးပြုရာတွင် အခက်အခဲများကြောင့် စိုးရိမ်မှုရှိနေသည်။

မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သူ မညိုမီက “အရင်တုန်းကတော့ အပြင်ထွက်ရင် ဖမ်းခံရမှာ ကြောက်ရတယ်။ ရက်ကျော်သွားလို့ မီးဖြတ်ခံရမှာကိုလည်း စိုးရိမ်ရတယ်။ အခုလို ဖုန်းနဲ့ပေးဆောင်ရတာက သွားစရာမလိုတော့လို့ ကောင်းပေမယ့် ထိုင်းနိုင်ငံသားတွေအတွက် ပိုအဆင်ပြေနိုင်တယ်။ မြန်မာအလုပ်သမားအများစုက ဘဏ်အကောင့်မရှိကြတော့ အခက်အခဲတွေ ရှိလာနိုင်တယ်” ဟု ကေအိုင်စီကို ပြောသည်။

Photo: Social Media

စနစ်သစ်အရ လျှပ်စစ်မီတာခကို ဒေသန္တရလျှပ်စစ်ဓာတ်အားပေးအဖွဲ့အစည်း (PEA) ၏ PEA Smart Plus အက်ပ်(Application) မှလည်းကောင်း၊ ရေခွန်ကို ပြည်တွင်းရေပေးဝေရေးအာဏာပိုင် (PWA) ၏ PWA Plus Life+ အက်ပ် သို့မဟုတ် LINE အကောင့် @pwathailand မှတစ်ဆင့်လည်းကောင်း ဘေလ်စာရွက်ပါ QR Code ကို Scan ဖတ်၍ ပေးဆောင်နိုင်မည်ဖြစ်သည်။

တစ်ဖက်တွင်လည်း နည်းပညာနှင့် အလှမ်းဝေးသူများနှင့် ထိုင်းဘဏ်အကောင့်မရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ယခင်ကဲ့သို့ ဘေလ်စာရွက်ကို ယူဆောင်၍ နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် ငွေသားဖြင့် ပေးဆောင်နိုင်ခြင်း သို့မဟုတ် မြို့နယ်စည်ပင်ရုံးတွင် လူကိုယ်တိုင် ပေးဆောင်နိုင်သည့် ဝန်ဆောင်မှုများကို ဆက်လက်ထားရှိပေးသင့်ကြောင်း ဒေသခံအချို့က ထောက်ပြပြောဆိုကြသည်။