ဇူလိုင် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်အုပ်စုဘက်က တပ်ခွဲမှူးအဆင့်ရှိသူ (၂) ဦးသေဆုံးသွားကြောင်း သထုံခရိုင် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်(၅)ရက်နေ့မှ စတင်ကာ ဘီးလင်းမြို့မှတဆင့် အင်အားရာနှင့်ချီ စစ်ကြောင်းထိုးတက်လာသော စစ်အုပ်စုအား ဒေါက်ရပ်ကျေးရွာအုပ်စု၊ ကြက်ခြေခတ်ရွာနှင့် တက်တူကုန်းရွာအနီးတွင် KNLA တပ်ရင်း (၂)၊ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က တပ်ခွဲမှူး(၂) ဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူးနှင့် ဒုတပ်ခွဲမှူးတို့ ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို မော်တော်ယာဉ်(၃)စီးဖြင့် သယ်ဆောင်သွားခဲ့ကြောင်း တပ်မဟာ(၁) KNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျနော်တို့ဘက်ကတော့ ထိခိုက်သေဆုံးမှု မရှိပါဘူး။ စစ်တပ်ဘက်က အင်အား ၂၀၀ ကျော်နဲ့ တက်လာတာဖြစ်ပြီး တပ်ခွဲမှူး ၂ ယောက် သေဆုံးသလို တပ်ရင်းမှူးနဲ့ ဒုတပ်ခွဲမှူးလည်း ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါစစ်အုပ်စုစစ်ကြောင်းမှာ ယမန်နေ့ ဇူလိုင်(၆)ရက်နေ့က အင်အားထပ်မံဖြည့်တင်းခဲ့ရာ ကြက်ခြေခတ်ရွာ၊ တက်တူကုန်းရွာ လမ်းခွနေရာနှင့် ရွာဘုန်းကြီးကျောင်းနေရာတို့တွင် နေရာယူတပ်ဖြန့်ခဲ့သည်။

ထို့နောက် အနီးနားရှိ ခဲမောက်ရွာဘက်သို့ စစ်ကြောင်းထိုးရန် ဆက်လက်ကြိုးပမ်းခဲ့ပြီး တစ်နေကုန်နီးပါး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ကေအဲန်ယူ သထုံခရိုင်ဘက်က ဆိုသည်။
အဆိုပါကျေးရွာများပေါ်ရှိ လမ်းကြောင်းသည် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ကုန်စည်များကို ဘီးလင်းတံတားဂိတ်ကဲ့သို့ စစ်ဆေးရေးနေရာများကို ရှောင်ကွင်းကာ အောက်ဘက်ဒေသများသို့ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်သည်ဟုလည်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် စစ်အုပ်စုက နယ်မြေပြန်လည်ထိန်းချုပ်ရေးအပြင် စီးပွားရေးအရအရေးပါသည့် ၎င်းလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေးနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ကန့်သတ်ရန် ရည်ရွယ်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များက သုံးသပ်ပြောဆိုနေကြခြင်းရှိသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ကြက်ခြေခတ်ရွာနှင့် တက်တူကုန်းရွာအပြင် အနီးနား ကျေးရွာမှ ဒေသခံပြည်သူများ နေရပ်ပြန်မနေရဲကြသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၁၀)ရက်နေ့ကလည်း အဆိုပါ ကျေးရွာများအတွင်း စစ်အုပ်စု စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံ (၃) ဦးကို ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ ပစ္စည်းနှင့် ငွေကြေးများကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများကပြောဆိုခဲ့ဖူးသည်။



















