Home တွေ့ဆုံမေးမြန်းခန်း FED (မဲဆောက်)တာဝန်ခံ ဆရာမ နော်တာအယ်နှင့်မေးမြန်းခြင်း။

FED (မဲဆောက်)တာဝန်ခံ ဆရာမ နော်တာအယ်နှင့်မေးမြန်းခြင်း။

51
Photo: Bangkok post

“ထိုင်းအစိုးရရဲ့ ဒီဥပဒေစည်းမျဉ်းစည်းကမ်းက ကျမတို့အတွက် ကောင်းတဲ့အရာပဲ။ တစ်ခုခုဖြစ်ရင် အစိုးရက ကျမတို့ကိုလိုက်ပေးလို့ရတယ်။”

FED (မဲဆောက်)တာဝန်ခံ ဆရာမ နော်တာအယ်နှင့်မေးမြန်းခြင်း။

ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဖမ်းဆီးစစ်ဆေးခြင်း၊ တရားဝင်စာရွက်စာတမ်းနှင့်ကွဲလွဲမှုရှိ၊မရှိ တိုက်ဆိုင်စစ်ဆေးခြင်းအပြင် ဧည့်စာရင်းတိုင်နေထိုင်မှုရှိ၊ မရှိ စစ်ဆေးဖမ်းဆီးမှုများကို ယခုဇွန်လအတွင်း အာဏာပိုင်များက တိုးမြှင့်လုပ်ဆောင်နေသည်။

ထိုအထဲတွင် TM-30 ဟု အများသိထားသည့် ဧည့်စာရင်းစာရွက်စာတမ်းနှင့်ပတ်သက်၍ FED (Foundation for Education and Development) ၏ မဲဆောက်တာဝန်ရှိသူ ဆရာမ နော်တာအယ်ကို ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ဦးဆုံးအနေနဲ့ ထိုင်းမှာ TM-30 ဧည့်စာရင်းက လုပ်ရမယ်ဆိုပြီး ပြောဆိုနေကြတာရှိတော့ TM30 ဆိုတာဘာလဲ ရှင်းပြပေးပါအုံး။
ဖြေ။ TM-30 ဆိုတာက ဘာစာရွက်လို့ခေါ်လဲ ဘယ်လိုစာရွက်အမျိုးအစားလဲဆိုရင် ဒီစာရွက်က လူဝင်မှုကြီးကြပ်ရေးဌာနကို အကြောင်းကြားတဲ့စာလည်းဖြစ်တယ်။ နိုင်ငံခြားက ပြန်လာတဲ့လူတွေပဲဖြစ်ဖြစ် ထိုင်းနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားကလူအားလုံး ဘယ်နေရာမှာပြောင်းရွှေ့နေလဲဆိုတာ အသိပေးအကြောင်းကြားရတဲ့စာဖြစ်တယ်။ ဥပမာ- ကိုယ်က အမေရိကန်ကနေ ဘန်ကောက်ကိုပြန်လာရင် နိုင်ငံခြားကနေပြန်လာတဲ့သူတွေဆိုရင် ဘယ်နေရာပြန်ရောက်လဲ၊ ဘယ်ဟိုတယ်မှာ သွားတည်းနေတာလဲ အဲဒါကို လူဝင်မှုကြီးကြပ်ရေးဌာန မှာ သွားပြီး တင်ပြရတာဖြစ်တယ်။ တကယ်လို့ ကိုယ်တိုင် မသွားရင်ဘူးဆိုရင်လည်း ဟိုတယ်မှာဆို ဟိုတယ်တာဝန်ရှိသူတွေ၊ အိမ်တွေမှာသွားတည်းတယ်ဆိုရင် အိမ်ရှင်တွေက ကိုယ်စားသွားတင်ပြတာဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုမျိုးအကြောင်းကြားမှုတွေမလုပ်ရင်တော့ ကိုယ့်အတွက် အခက်အခဲတွေရှိလာနိုင်တယ်။

မေး။ TM-30 (ဧည့်စာရင်း) သွားလုပ်ဖို့ ဘာတွေလိုအပ်လဲ ပြောပြပေးပါဦး။
ဖြေ။ TM-30 သွားလုပ်မယ်ဆိုရင် အဓိက ဘာတွေလိုအပ်လဲဆိုရင်တော့ အမျိုးအစား(၂)မျိုးရှိတယ်။ ဟိုတယ်တာဝန်ရှိသူတွေ၊ အိမ်ရှင်တွေ၊ ပြီးရင် တိုက်ခန်း ပိုင်ရှင်တွေက သူတို့ ထိုင်းနိုင်ငံသား မှတ်ပုံတင်မိတ္တူတစ်စုံလိုအပ်တယ်။ ပြီးရင် ဟိုတယ်ငှားခွင့်၊ တိုက်ခန်းငှားခွင့် တစ်စုံမိတ္တူကူးရမှာဖြစ်တယ်။ အဲဒါက ပိုင်ရှင်တွေဘက်က ပြင်ဆင်ထားရမယ့်အရာတွေဖြစ်တယ်။ ပြီးရင် သွားငှားနေတဲ့နိုင်ငံခြားသားတွေအနေနဲ့က ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲဆိုရင် ပတ်စပို့စ် မိတ္တူလိုတယ်။ ပြီးရင်တော့ နိုင်ငံအတွင်းဝင်လာတဲ့ တောမောစာရွက်လိုပါတယ်။ တစ်ခါတလေမှာတော့ ထိုင်းကိုဝင်လာတဲ့ လေယာဉ် လက်မှတ်တွေတောင် တောင်းတတ်ပါတယ်၊ အဲဒါကိုလည်း ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။

မေး။ ကိုယ်တိုင်မသွားရင်လည်း တိုင်လို့ရတယ်ဆိုတော့ တိုင်လို့ရတဲ့ နည်းလမ်းတွေကို ရှင်းပြပေးပါအုံး။
ဖြေ။ အများအားဖြင့် နိုင်ငံခြားကပြန်လာတဲ့လူတွေဖြစ်ဖြစ် မြန်မာပြည်ကနေ ထိုင်းနိုင်ငံထဲကို လာတာ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဟိုတယ်မှာ လာငှားနေရင်တော့ ဒီဧည့်စာရင်းတိုင်တဲ့ကိစ္စက ဟိုတယ်က တာဝန်ယူတာဖြစ်တယ်။ တကယ်လို့ ကိုယ်က ဟိုတယ်မှာငှားမနေပဲ ကိုယ့်ရဲ့ အသိမိတ်ဆွေ ဆွေမျိုးတွေရဲ့ အိမ်တွေမှာ သွားတည်းရင်တော့ ဒီဧည့်စာရင်းကိစ္စက ကိုယ့်ဆွေအမျိုး၊ အသိမိတ်ဆွေက တာဝန်ယူရတာဖြစ်တယ်။ ဒါပေမယ့် အဲဒါကတော့ လမ်းကြောင်းနှစ်ခုသွားလို့ရတယ်။ ပထမနည်းလမ်းက အွန်လိုင်းပေါ်ကနေ တိုင်ကြားလို့လည်းရပါတယ်။ အွန်လိုင်းမှာဆိုရင်တော့ ထိုင်းနိုင်ငံသားဆိုသူက တင်ရမှာဖြစ်တယ်။ တင်ရမယ့် ဝက်ဆိုက်ရှိတော့ အဲဒီမှာဝင်ပြီး တင်ရမှာဖြစ်တယ်။ နောက်နည်းလမ်းတစ်ခုကတော့ ကိုယ်နဲ့ အနီးဆုံးမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနရုံးမှာ ကိုယ်တိုင်သွားပြီးတင်ရတာဖြစ်တယ်။ ဖောင်သွားဖြည့်ဖို့ ၂၄ နာရီအတွင်း အခွင့်အရေးပေးတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ ၂၄ နာရီအတွင်း မသွားရင်တော့ ဒဏ်ငွေပေးဆောင်ရမှာတွေ ရှိတယ်။

မေး။ သွားတိုင်ရင် အမှန်တကယ်ကုန်ကျမယ့်စရိတ်ကိုလည်း သိပါရစေ။
ဖြေ။ တချို့က ကိုယ်တိုင်မသွားချင်ဘူးဆိုရင် ပွဲစားတို့ အေဂျင်စီတို့နဲ့သွားတာတွေရှိတယ်။ ဒါပေမယ့် အဲဒီလမ်းကြောင်းနဲ့သွားရင်တော့ ငွေကုန်ကျမှုတွေတော့ရှိတယ်။ ကိုယ်တိုင်သွားမယ် ဒါမှမဟုတ် အိမ်ပိုင်ရှင်ကသွားမယ်ဆိုရင် ကုန်ကျမှု မရှိဘူးလို့တော့ ပြောလို့ရတယ်။

မေး။ တကယ်လို့ ကိုယ်က ပြည်နယ်တစ်ခုနဲ့တစ်ခု သွားမယ်ဆိုရင်ရော တိုင်ကြားဖို့ ထပ်လိုသေးလား။
ဖြေ။ ဥပမာ နိုင်ငံခြားကနေဘန်ကောက်ပြီးရင် မဲဆောက်ကိုလာတယ်ပဲထားလိုက်၊ ဒီကိုလာရင် ၂၄ နာရီအထိ ကျော်ပြီးနေမယ်ဆိုရင်တော့ ဒါက TM-30 သွားတိုင်ကို တိုင်ဖို့လိုပါတယ်။ တကယ်လို့ ကိုယ်က ၂၄ နာရီ အထိမနေဘူးဆိုရင်တော့ ဒါက ဧည့်စာရင်းတိုင်ကြားဖို့တော့မလိုဘူးပေါ့။ ဘာလို့လဲဆိုရင် ကိုယ်က မဲဆောက်ထဲကို ၂၄ နာရီအထက် သဘောက ၂ ရက် ၃ ရက်နေမယ်ဆိုရင် ဧည့်စာရင်းက တိုင်ကိုတိုင်သင့်တယ်။ တကယ်လို့မတိုင်ဘဲနေရင် ဘန်ကောက်ပြန်တက်သွားရင် အရေးယူခံရနိုင်တယ်။

မေး။ ကိုယ်တိုင်ဧည့်စာရင်းတိုင်မယ်ဆိုရင် အခက်အခဲ ဘာတွေရှိလာနိုင်လဲ ရှင်းပြပေးပါအုံး။
ဖြေ။ အခုဆိုရင် တချို့က ပွဲစားနဲ့ အေဂျင်စီတွေနဲ့ပဲသွားတယ်။ ကျမအမြင်တော့ ဒါက တစ်ယောက်နဲ့တစ်ယောက်ကြုံရတဲ့ အတွေ့အကြုံပေါ်မူတည်တယ်။ ဧည့်စာရင်းသွားတိုင်တာပဲဆိုတော့ အိမ်ရှင်ကိုခေါ်ပြီးကိုယ်တိုင်သွားလိုက်ရင်တော့ ကုန်ကျမှုတွေက နည်းတာပေါ့။ အခက်အခဲမရှိရင် ဖြစ်နိုင်ရင်အိမ်ရှင်နဲ့ပဲသွားပါ။ အိမ်ရှင်နဲ့သွားရင်တော့ ကုန်ကျမှာ အရမ်းနည်းပါတယ်။ နောက်ပြီး ကိုယ်တိုင်သွားတာက သူတို့ရဲ့ ဧည့်စာရင်းတိုင်ကြားရတဲ့လုပ်ငန်းစဉ်တွေကိုလည်း သိလာရတယ်။ တချို့ကတော့ အဲဒါကိုသွားပြီးအချိန်မကုန်ခံချင်တာတွေလည်းရှိမယ် ဆိုတော့ အမြန်ဆုံးက ပွဲစား၊ အေဂျင်စီတွေနဲ့သွားလည်း ရပါတယ်။ သူတို့နဲ့ကိုယ်တိုင်သွားရင်တော့ ဘယ်လောက်အထိ ယုံကြည်နေရလဲဆိုတာ သေချာလေ့လာဖို့လိုတယ်။

မေး။ နောက်ဆုံး ဘာဖြည့်စွက်ပြောချင်တာရှိပါသလဲ။
ဖြေ။ ထိုင်းအစိုးရရဲ့ ဒီဥပဒေစည်းမျဉ်းစည်းကမ်းက ကျမတို့အတွက် ကောင်းတဲ့အရာပဲ။ ဘယ်လိုကောင်းလဲဆိုရင် တကယ်လို့ တစ်ခုခုဖြစ်ရင် အစိုးရက ကျမတို့ကိုလိုက်ပေးလို့ရတယ်။ အမှုတစ်ခုခုဖြစ်ရင်လည်း ကျမတို့ဘယ်မှာရှိလဲ ကျမတို့ကိုင်တဲ့ ပတ်စ်ပို့နိုင်ငံရဲ့အစိုးရက ကျမတို့ကို လိုက်ရှာပေးလို့ ရလွယ်တယ်။ ဒါကကောင်းတဲ့အရာဖြစ်တဲ့အတွက် ကိုယ်တိုင်သွားလုပ်တာဖြစ်ဖြစ် ပွဲစားနဲ့သွားတာဖြစ်ဖြစ် သွားလုပ်ဖို့က ပြောချင်ပါတယ်။