ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းအစိုးရစီမံချက်အရ ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများ တိုးမြှင့်လာသော်လည်း တရားမဝင်လမ်းကြောင်းဖြင့်ထိုင်းနိုင်ငံထဲကို ခိုးဝင်လာသည့် မြန်မာအလုပ်သမားများရှိနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။
လက်ရှိအချိန်သည် ထိုင်းနိုင်ငံအတွင်း အစစ်အဆေးတင်းကြပ်နေသည့်ကာလဖြစ်သဖြင့် လာရောက်အလုပ်လုပ်ကိုင်ရန် မသင့်တော်သလို အထောက်အထားမရှိပါက တရားမဝင်နည်းလမ်းဖြင့် မလာကြရန် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက တိုက်တွန်းသည်။
“အထောက်အထားစာရွက်စာတမ်းရှိနေတဲ့လူတွေတောင် သူဌေးလွဲ အလုပ်ကွဲလွဲရင် အဖမ်းခံရတယ်။ အထောက်အထားပြည့်စုံ၊ အလုပ်ကွဲလွဲမှုတွေမရှိပေမယ့်လည်း ရွေ့ပြောင်းအလုပ်သမားတွေလုပ်ခွင့်မရှိတဲ့ အလုပ်တွေလုပ်ရင် အဖမ်းခံရသေးတယ်။ မိသားစုဝမ်းရေးအတွက် လာမယ့်လူတွေအနေနဲ့စဉ်းစားပေါ့။ အခုချိန်မှာ လာလို့ကောင်းတဲ့နိုင်ငံတော့မဟုတ်ပါဘူး” ဟု ဦးမိုးကြိုးက ပြောသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်း မြန်မာရွေပြောင်းအလုပ်သမားများ နေ့စဉ်ဖမ်းဆီးခံရမှုရှိသည့်အပြင် ရာဇဝတ်မှုများတွင် မြန်မာများပါဝင်ပတ်သက်မှုရှိသည့်ဖြစ်စဥ် များပြားလာခြင်းကြောင့် ထိုင်းသို့လာရန် မရွေးချယ်သင့်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဖြည့်စွက်ပြောသည်။

ထို့အပြင် အချို့အိမ်ငှားနေရာများတွင် ဧည့်စာရင်းတိုင်ကြားမှုရှိ၊ မရှိ ထိုင်းအာဏာပိုင်များက တင်းကြပ်စစ်ဆေးလာသလို ခရီးသွားလာသည့်အခါတွင်လည်း ဧည့်စာရင်းစာရွက်စာတမ်းများကို ပြသခိုင်းခြင်းရှိနေသည်။
ပြီးခဲ့သည့် ဇွန်လ(၂၇)ရက်နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စံခရဘူရီမြို့နယ်ထဲသို့ အထောက်အထားမရှိဘဲ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် နိုင်ငံခြားသား(၄၅)ဦးကို ထိုင်းအာဏာပိုင်ဘက်မှ ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြချက်အရ သိရသည်။
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့-IOM ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံထဲတွင် တရားဝင်အလုပ်လာလုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၄)သန်းကျော်ရှိသည်။ ထိုင်းသတင်းမီဒီယာများကမူ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇)သန်းကျော်ရှိကြောင်း ခန့်မှန်းဖော်ပြကြသည်။



















