Home သတင်း မဲဆောက်တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

မဲဆောက်တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

23
Photo: Mae Sot Media

ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပရပ်ကွက် (၁၀) ရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးနှစ်ဦးကို ထိုင်းအာဏာပိုင်များက ယနေ့ (ဇွန်လ ၃၀ ရက်) နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု Mae Sot Media တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူနှစ်ဦးသည် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များအတွင်း လူပြောများသည့် “Las Vegas LV177” အမည်ရှိ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တွင် အသုံးပြုသူများကို ပြန်လည်ဖြေ ကြားပေးသည့် အက်ဒမင် (Admin) များအဖြစ် လုပ်ကိုင်နေသူများဖြစ်သည်ဟု ဆိုသည်။

ဆိုက်ဘာရဲတပ်ဖွဲ့သည် နည်းပညာပိုင်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Mae Sot Media ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်သည် လစဉ်ငွေကြေးလည်ပတ်မှု ထိုင်းဘတ်ငွေ သန်း (၇၀) ကျော်ရှိနေပြီး ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးသည် အဆိုပါလုပ်ငန်းမှ လစဉ်လစာ ထိုင်းဘတ် (၃၀, ၀၀၀) ခန့် ရရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဖမ်းဆီးစဉ်အတွင်း အာဏာပိုင်များက ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPad၊ အင်တာနက်ချိတ်ဆက်ထားသည့် စက်ပစ္စည်းများအပြင် ငွေသား (၃၅,၀၀၀) ဘတ်၊ လက်ဝတ်ရတနာများနှင့် ဘဏ်စာအုပ်များကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။

Photo: Mae Sot Media

တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ငွေကြေးစီးဆင်းမှုကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး ဝက်ဆိုက်အား ထိန်းချုပ်စီမံနေသူများနှင့် အကျိုးအမြတ်ရရှိသူများကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

မဲဆောက်မြို့နယ်အတွင်း ယခုကဲ့သို့ အွန်လိုင်းမှတဆင့် ကျူးလွန်သည့် တရားမဝင်လုပ်ငန်းများကို ထိုင်း အာဏာပိုင်များက အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက်ရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၂၃) ရက်နေ့ကလည်း မဲဆောက်မြို့ရှိ တိုက်ခန်းတစ်ခုတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား (၂) ဦးနှင့် မြန်မာနိုင်ငံသား (၇) ဦးကို ထိုင်းမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လည်ခြင်းနှင့် လောင်းကစားပြုလုပ်သည့် ဂိုဏ်းများကို အာဏာပိုင်များက ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုများရှိနေကြောင်း သိရှိရသည်။