မေ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းပေါ်တွင် ထိုင်းနိုင်ငံသားအမည်ခံပြီး ဖွင့်လှစ်လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများကို ထိုင်းရဲတပ်ဖွဲ့က နှိမ်နင်းသည့်စစ်ဆေးရေးအတွင်း နိုင်ငံခြားသား(၂၂)ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့မှစ၍ ထိုင်းအစိုးရ၏ နိုင်ငံတော်လုံခြုံရေး ခေါင်းစဥ်အောက်တွင် စတင်ခဲ့သည့်အဆိုပါစစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့ ၃၀၀ ကျော် ပါဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေး ပထမအကြိမ်တွင် အမှုပေါင်း ၃၇ မှုကို နိုင်ငံခြားသားပိုင်နေရာ ၂၇ ခု၌ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံသားအမည်ခံ၍ ကျွန်းပေါ်၌ တရားမဝင်စီးပွားရေးလုပ်ကိုင်နေသော နိုင်ငံခြားသား(၂၂)ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ဘတ် သန်း ၂၀၀ ကျော်တန််ဖိုးရှိ မြေ ၄၀ ရိုင်ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ကော့ဖငန်းကျွန်းအပါအဝင် အနီးတဝိုက်ကျွန်းနေရာ ၃ ခုတွင် နိုင်ငံခြားသားများက မြေကွက်ဝယ်ယူပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ဒေသခံ အကျိုးစီးပွားထိခိုက်ရာမှ ယခုလိုအစစ်အဆေးများဖြစ်လာကြောင်း ကျွန်းပေါ်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားအသိုင်းအဝိုင်းက ပြောသည်။
“အဲ့ဒီမှာ ကျွန်းတွေကို အစ္စရေးနဲ့ ရုရှားတွေက ငွေထုပ်ပိုက်ပြီး ခြံတွေ လုပ်ငန်းတွေကို အလုံးပြတ်ဝယ်တယ်၊ သူတို့ ဆိုင်တွေ လုပ်ငန်းတွေများလာတော့ ဒေသခံတွေရဲ့ ဆိုင်တွေ မရောင်းရတော့ဘူး” ဟု ကော့ဖငန်းကျွန်းရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက ကေအိုင်စီကို ပြောသည်။
အဆိုပါလုပ်ငန်းများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအလုပ်သမားဥပဒေနှင့်လျှော်ညီမှုမရှိဘဲ ခန့်ထားခြင်း၊ လုပ်ကိုင်ခွင့်မရှိသော လုပ်ငန်းများကို လုပ်ကိုင်စေခြင်း စသည့် အခြေအနေများလည်းရှိနေသည်။
ထို့အတူ ၎င်းနိုင်ငံခြားသားလုပ်ငန်းရှင်များက ကျွန်းပေါ်ရှိ ဒေသခံ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး လိုင်စင်မပြုလုပ်ဘဲ ဟိုတယ်နှင့်အိမ်ယာဆောက်လုပ်ခြင်းများရှိနေပြီး မူးယစ်ဆေးဝါးပြဿနာများလည်း ပါဝင်ပတ်သက်နေသည်ဟု ကော့ဖငန်းကျွန်းသတင်းအရင်းအမြစ်က ဆိုသည်။
ဖော်ပြပါ မြန်မာအလုပ်သမားက ဆက်လက်၍ “ထိုင်းတစ်ယောက်ကနေ လုပ်ငန်းဆယ်ခု ဆယ့်ငါးခုလောက် နာမည်ခံထားတော့ စစ်လိုက်ရင်ပေါ်တယ်။ တချို့ဆို မြေတွေဝယ်ထားတယ်၊ လိုင်စင်မရှိဘဲ ဟိုတယ်ဆောက်တာတွေ၊ အာဏာပိုင်တွေနဲ့ညှိပြီးလုပ်တယ်။ စစ်လို့ သိမ်းခံထိတဲ့အများစုက အဲ့လိုပုံစံမျိုးတွေ။ မာဖီးယားကိစ္စတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေလည်း ပါတယ်” ဟု ဖြည့်စွက်ပြောသည်။
ယခုစစ်ဆင်ရေးအပြီး ထိုတရားမဝင်စီးပွားရေးလုပ်ငန်းများထံ ငွေကြေးစီးဆင်းနေမှုလမ်းကြောင်းများကို စုံစမ်းစစ်ဆေးမှု အရှိန်မြှင့်တင်ရန်၊ နှိမ်နင်းရေးတိုးချဲ့လုပ်ကိုင်ရန် သက်ဆိုင်သည့်ဌာနဆိုင်ရာများနှင့်ရဲတပ်ဖွဲ့တို့ တွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်း သတင်းတွင်ဖော်ပြထားသည်။
၎င်းအပြင် ထိုင်းဝန်ကြီးချုပ် အနုတင်က အမှုတွဲအတွင်း နိုင်ငံ့ဝန်ထမ်းများနှင့်ဒေသအာဏာပိုင်များ ပါဝင်ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးရန်ကိုလည်း အမိန့်ပေးထားသည်ဟု ဆိုသည်။



















