Home သတင်း စစ်အုပ်စုစီးပွားရေးဖက် ဦးကိုကိုလတ် အိုက်စလန်ကောင်စစ်ဝန်ရာထူး ရုပ်သိမ်းခံရ

စစ်အုပ်စုစီးပွားရေးဖက် ဦးကိုကိုလတ် အိုက်စလန်ကောင်စစ်ဝန်ရာထူး ရုပ်သိမ်းခံရ

529
Photo: MOFA

မေ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုနှင့်စီးပွားရေးအရပတ်သက်ဆက်နွယ်နေသည့် အိုက်စလန်နိုင်ငံ၏မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန် ဦးကိုကိုလတ်မှာ ဆန္ဒအလျောက်နုတ်ထွက်စာတင်ခဲ့ပြီး ၎င်းကိုရာထူးမှရုပ်သိမ်းလိုက်ကြောင်း အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားချက်အပေါ် Justice for Myanmar က ယနေ့ မေလ(၂၉)ရက်တွင် ထုတ်ပြန်သည်။

မြန်မာစစ်အုပ်စုခရိုနီ ဦးကိုကိုလတ်၏ စီးပွားရေးဆက်နွယ်မှုများကို JFM ဘက်က ပြီးခဲ့သည့် မတ်လ(၂၇)ရက်နေ့တွင် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးထံ စာပေးပို့တောင်းဆိုခဲ့ခြင်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနဦးတွင် ဦးကိုကိုလတ်ကို ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်းကြောင့် အိုက်စလန်နိုင်ငံသည် စစ်အုပ်စုခရိုနီတစ်ဦးအပေါ် ကျောထောက်နောက်ခံပေးမှုနှင့် တရားဝင်မှုပေးအပ်ရာရောက်ခဲ့သော်လည်း ယခုလိုရာထူးရုတ်သိမ်းမှုအပေါ် ကြိုဆိုသည်ဟု JFM က ပြောသည်။

“ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးကို ရုပ်သိမ်းပေးဖို့ တောင်းဆိုချက်အပေါ် အိုက်စလန်နိုင်ငံက အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ခြင်းကို ကြိုဆိုလိုက်ပြီး၊ ဒီလုပ်ရပ်ဟာ အခြားသောအစိုးရတွေ လိုက်နာဆောင်ရွက်သင့်တဲ့ နမူနာကောင်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု အဖွဲ့ပြောခွင့်ရ မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောသည်။

JFM ၏ ထုတ်ပြန်ချက်အရ ဦးကိုကိုလတ်နှင့် အီးယူမှဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် စစ်အုပ်စု၏ မြန်မာ့သစ်လုပ်ငန်း-MTE နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်-MEHL တို့အကြားတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပတ်သက်မှုများရှိနေသည်။ စစ်အုပ်စုသည် ထိုလုပ်ငန်းများမှစီးဆင်းလာသော ငွေကြေးဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများကို လုပ်ဆောင်နေသည်ဟု ဖော်ပြသည်။

ဦးကိုကိုလတ်ဘက်က ၎င်းတို့ဆက်ဆံရေးအပေါ် ငြင်းဆိုထားသော်လည်း MEHL ထံမှ ဟိုတယ်အဆောက်အဦး နှစ်ရှည်ငှားရမ်းခြင်း၊ စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း MTE ထံမှ သစ်အမြောက်အများဝယ်ယူပြီး ပြည်ပသို့တရားမဝင်တင်ပို့ခြင်း၊ စစ်အုပ်စုကိုအထောက်အပံ့ဖြစ်စေသည့် လေကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူရေး ကုမ္ပဏီများချဲ့ထွင်ခြင်းတို့ လုပ်ဆောင်နေခြင်းရှိကြောင်း JFM အားဖြင့် သိရသည်။

ယင်းကြောင့် အီးယူအပါအဝင် ကျန်သည့် အမေရိကန်၊ ယူကေ၊ ကနေဒါနှင့် ဩစတေးလျနိုင်ငံများအနေဖြင့် မြန်မာစစ်အုပ်စုခရိုနီ ဦးကိုကိုလတ်အပါအဝင် သူ၏စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းတွင်ပါဝင်ပတ်သက်နေသူများအပေါ် ဆက်လက် ဒဏ်ခတ်ပိတ်ဆို့ရန်လိုကြောင်း JFM က တောင်းဆိုထားသည်။

အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် JFM မှ ဦးကိုကိုလတ်နှင့်ပတ်သက်ပြီး ပေးပို့စာအရ ကောင်စစ်ဝန်ရာထူးခန့်အပ်မှုအပေါ် ပြန်လည်စစ်ဆေးသုံးသပ်ခဲ့သလို ဦးကိုကိုလတ် တင်လာသော နုတ်ထွက်စာအားဖြင့်ပါ မေလ(၁၅)ရက်နေ့မှစ၍ ၎င်း၏ရာထူးကို တရားဝင်ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။