Home သတင်း စစ်ကြောင်းထိုးသတိပေး၍ သံတောင်ကြီးစစ်ရှောင်များ နှစ်ပတ်ကျော်ကြာ နေရပ်ပြန်ခွင့်မရ

စစ်ကြောင်းထိုးသတိပေး၍ သံတောင်ကြီးစစ်ရှောင်များ နှစ်ပတ်ကျော်ကြာ နေရပ်ပြန်ခွင့်မရ

384
Photo: Social Media

မေ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် လေကြောင်းရန်ကြောင့် ပြီးခဲ့သည့်ဧပြီနောက်ဆုံးအပတ်ကတည်းက နေရပ်စွန့်ခွာလာရသည့် စစ်ဘေးရှောင်များမှာ စစ်အုပ်စု စစ်ကြောင်းထိုးသတိပေးမှုရှိနေ၍ ယနေ့အချိန်ထိ အိမ်ပြန်ခွင့်မရသေးကြောင်း နယ်မြေတာဝန်ရှိသူထံမှ သိရသည်။

ဧပြီ(၂၄)ရက်ကစပြီး သံတောင်ကြီးမြောက်ပိုင်းဒေသတွင်ဖြစ်ပွားခဲ့သော စစ်အုပ်စု လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဘုံတောင်၊ သာစည်၊ ငွေတောင်၊ ဗဟန်း၊ ရှမ်းလယ်ပြင် စသည့်ကျေးရွာများမှ စစ်ဘေးရှောင်လာသူ စုစုပေါင်း(၂,၀၀၀)ထက်မနည်း ရှိသည်။

အဆိုပါစစ်ဘေးရှောင်များမှာ နယ်မြေတွင်း စစ်အုပ်စု စစ်ကြောင်းထိုးသတိပေးချက်ကြောင့် ယနေ့ထက်ထိ နေအိမ်ပြန်ခွင့်မရကြသေးဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂) အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဟိုရက်ကဆို စစ်ရှောင်တွေအိမ်ပြန်တာ ရှမ်းလယ်ပြင်အထက်မှာစစ်တပ်နဲ့တွေ့တော့ အဲဒါနင်တို့မပြန်နဲ့ စစ်ရှောင်မှာပဲနေ ဒီမှာစစ်ကြောင်းထိုးဖို့ရှိတယ်လို့ ပြောလိုက်တာ။ အဲဒါနဲ့သူတို့နောက်ပြန်လှည့်လာတယ်။ လိပ်သိုမှာပြန်နေရတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ယနေ့ မေလ(၁၁)ရက်နေ့အထိ လိပ်သိုမြို့ပေါ်တွင် စစ်ရှောင်နေသူ(၁,၀၀၀)ကျော်ရှိ၍ ကယား(ကရင်နီ)နယ်မြေဘက်တွင် စစ်ဘေးရှောင်(၉၀၀)ကျော်ရှိသည်။ ပဲခူးတိုင်းအတွင်းတွင်လည်း သွားရောက်စစ်ဘေးရှောင်နေသူ အချို့ရှိကြောင်း ၎င်းတို့ကိုအကူအညီပေးနေသူများထံမှ သိရသည်။

ထို့အပြင် လိပ်သိုမြို့ပေါ်ရှိ စစ်ဘေးရှောင်များ စားရေးသောက်ရေးအတွက် လတ်တလော ဒေသခံအချင်းချင်းသာအကူအညီပေးနေရပြီး ရေရှည်သွားနိုင်ရန် ရိက္ခာကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်နေရာချထားရေး လုပ်ဆောင်သူက ပြောသည်။

Photo: Social Media

လိပ်သိုရှိ စစ်ရှောင်ကူက “မြို့ထဲမှာပဲ ခရစ်ယာန်၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာပဲ နေရာချထားရတယ်။ လောလောဆယ် ဘုံစနစ်ပဲ သူတို့အတွက် လိပ်သိုမြို့ပေါ်ကနေ ဆန်၊ ဆီ၊ ဆားတွေကောက်ပေးပြီး သူတို့ဘာသာချက်စားခိုင်းတာပေါ့။ ဘယ်အဖွဲ့မှလာကူပေးတာမရှိသေးဘူး” ဟု ကေအိုင်စီကို ပြောသည်။

ဧပြီလကုန်ပိုင်းက လူထုနေထိုင်ရာကျေးရွာများသို့ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသူ(၂၀)ထက်မနည်းရှိခဲ့သည်။ ထိုအထဲတွင်ပါဝင်သော ပဲခူး-ကရင်အစပ်ရှိ ဘုံတောင်ရွာတွင်လည်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သလို အကောင်းတိုင်းကျန်ရှိသည့်နေအိမ်များကိုပါ ဖောက်ထွင်းခိုးယူမှု ရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်က ဆိုသည်။

“ဖောက်ခံရတာ (၂၀)လောက်။ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေ တစ်ခုမှမကျန် အကုန်သယ်သွားတာ။ သူတို့ရွာမှာ အိမ်ခြေစုစုပေါင်းက (၅၀)ကျော်တယ်။ လက်နက်ကြီးထိတဲ့အိမ်၊ မီးရှို့ခံရတဲ့အိမ် ဖျက်ဆီးခံရလိုက်တာစုစုပေါင်း (၂၅)အိမ်လောက်ရှိတယ်” ဟု ဘုံတောင်ဒေသခံနှင့်နီးစပ်သူ စစ်ရှောင်ကူက ပြောသည်။

သံတောင်ကြီးမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်အတွင်း တည်ရှိပြီး ကရင်လက်နက်ကိုင်တပ်များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၊ စစ်အုပ်စုနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များလည်း စစ်ရေးလှုပ်ရှားမှုရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်အုပ်စုနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်အုပ်စု စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် စစ်ဘေးရှောင်အခြေအနေ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများနှင့်နယ်မြေတာဝန်ရှိသူများက ဆိုသည်။

ဧပြီလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် သံတောင်မြောက်ပိုင်းလေကြောင်းတိုက်ခိုက်ခံရမှုအပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် ကရင်အရပ်ဖက်အဖွဲ့ KHRG ကလည်း စစ်အုပ်စုသည် စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျုးလွန်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုထားသည်။