Home သတင်း ဝေါလေတွင် မီးလောင်ဗုံးကြောင့် တစ်ရက်အတွင်း နေအိမ်(၃၀)ခန့် မီးလောင်ပျက်ဆီး

ဝေါလေတွင် မီးလောင်ဗုံးကြောင့် တစ်ရက်အတွင်း နေအိမ်(၃၀)ခန့် မီးလောင်ပျက်ဆီး

486
Photo: CJ

ဧပြီ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ဝေါလေဒေသရှိ စစ်အုပ်စုဗျူဟာစခန်းတိုက်ပွဲအတွင်း ဧပြီလ(၂၇)ရက်နေ့က စစ်အုပ်စုမှ မီးလောင်ဗုံးကြဲတိုက်ခိုက်သဖြင့် ဝေါလေ၊ ထီးသဲလယ်ကျေးရွာရှိ နေအိမ်အလုံး(၃၀)ခန့် ပျက်ဆီးသွားကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်အုပ်စုတို့ အပြင်းအထန်ဖြစ်ပွားနေသော ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စုဘက်မှ စစ်ကူ ဂျက်ဖိုက်တာဖြင့် ဒေသအတွင်းသို့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ ယမန်နေ့တစ်ရက်ထဲတွင် လေကြောင်းတိုက်ခိုက်မှု(၆)ကြိမ် လုပ်ဆောင်ခဲ့ပြီး မီးလောင်ဗုံးများလည်းပါဝင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနေ့က နေ့လယ်(၁)နာရီလောက်မှာ ဗုံးလာကြဲတယ်။ မီးလောင်ဗုံးနဲ့ (၆)လုံးထက်မနည်းဘူး လာပစ်တော့မီးထလောင်တာ။ လူနေအိမ်အလုံး(၃၀)လောက်ထိပြီး မီးလောင်သွားတယ်။ လူတွေက ကြိုတင်ရှောင်သွားတော့ မထိတာ” ဟု ထိုတပ်ဖွဲ့ဝင်က ပြောသည်။

လက်ရှိ ဝေါလေစခန်းသိမ်းတိုက်ပွဲတွင် အနီးအနားရှိ စစ်အုပ်စုကာကင်းစခန်းများကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည်။ ထို့ကြောင့် ဝေါလေဗျူဟာအထိုင်ချ စစ်အုပ်စုတပ်ဖွဲ့ဝင်များက တုံ့ပြန်ခုခံမှုလုပ်ဆောင်သော်လည်း စစ်အုပ်စုဘက်က ထိခိုက်မှုများပြားသည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။

စစ်အုပ်စုကိုထောက်ခံသည့် ဝါဒဖြန့်လော်ဘီချန်နယ်များအပါအဝင် လူမှုကွန်ရက်မီဒီယာပေါ်တွင် ဝေါလေစခန်းမကျရေး ထိုင်းနိုင်ငံဘက်မှတဆင့်စစ်ကြောင်းထိုးဝင်ဖို့ ထိုင်းအာဏာပိုင်များထံ စစ်အုပ်စုက အကူအညီတောင်းခြင်းရှိကြောင်း သတင်းထွက်ပေါ်နေသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြု၍ မရရှိပေ။

ပြီးခဲ့သည့်မတ်လကုန်ပိုင်းကစတင်လာသော စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုစစ်ကူများ မြေပြင်စစ်ကြောင်းတိုးမဖောက်နိုင်ဘဲ လေကြောင်းအသုံးပြု၍သာ အထောက်အပံ့ပေးနေရခြင်းရှိသည်။

ထို့အတူ စစ်အုပ်စုပစ်သည့် လက်နက်ကြီးစစ်ကူများမှာ ထိုင်းနိုင်ငံဘက်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်နှင့် ကျေးရွာများအတွင်းသို့ ကျရောက်မှုအကြိမ်ကြိမ်ရှိလာသောကြောင့် ထိုင်းဘက်ကလည်း လုံခြုံရေးတိုးမြှင့် သတိပေးမှုများ လုပ်ဆောင်နေကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။