မတ် (၂၄)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ ရွာပေါင်း(၁၃)ရွာနေ ဒေသခံလူဦးရေ (၅,၈၇၀)ခန့် စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နေစရာအိမ်မဲ့ခဲ့ရကြောင်း ကေအဲန်ယူက ယမန်နေ့(မတ်လ ၂၃ ရက်)တွင် ထုတ်ပြန်သည်။
ပြည်သူလူထုနေထိုင်သည့်ကျေးရွာများကို လေကြောင်းတိုက်ခိုက်၍လည်းကောင်း၊ မြေပြင်မှစစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့်လည်းကောင်း ဒေသခံ(၃၈)ဦးသေဆုံးပြီး (၃၅)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
အိမ်ခြေ တစ်ထောင်(၁,၀၀၀)ကျော်ရှိ ဒေသခံများ အိုးအိမ်မဲ့သွားသဖြင့် မြို့နယ် ကေအဲန်ယူခေါင်းဆောင်နှင့်တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့များက ပူးပေါင်း အကူအညီပေးထားရသည်ဟု ဆိုသည်။
“သူတို့ရဲ့ရည်ရွယ်ချက်က ကျနော်တို့နေရာတွေကိုဝင်ရှင်းမယ် အုပ်စိုးမယ်ပေါ့။ သူတို့ရည်ရွယ်သလိုမဖြစ်ဘဲ ထွက်ပြေးတိမ်းရှောင်ရတဲ့လူထုတွေသာ များလာတယ်” ဟု ကျောက်ကြီးမြို့နယ် ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ပြောသည်။
ထို့အပြင် ၂၀၂၆ ခုနှစ် သုံးလတာအတွင်း ကေအဲန်ယူနယ်မြေရှိ စစ်အုပ်စု၏တပ်စခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပဒိုစောဝါးမူက “သူတို့က ရွာမှာကာကင်းတွေလာချတာ။ ရေတွင်းကုန်းရွာနဲ့ ကျောင်းကုန်းရွာမှာ ကာကင်းချထားတဲ့နေရာကို ကျနော်တို့လူတွေကသွားရှင်းတာ လက်နက်တချို့ရခဲ့တယ်” ဟု ကေအိုင်စီကို ပြောသည်။
ထို့အတူ စစ်အုပ်စု၏စစ်မှုထမ်းဥပဒေအောက်တွင် အတင်းအကြပ်စစ်မှုခိုင်းစေခံရသည့် တပ်သားသစ် (၄၁)ဦးမှာလည်း ကေအဲန်ယူထံလာရောက်ခိုလှုံခဲ့ပြီး လယ်ဒိုမြို့နယ်ကေအဲန်ယူအနေဖြင့် စစ်သုံ့ပန်းစည်းမျဥ်းများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လဆန်းပိုင်းကတည်းက အဆိုပါရေတွင်းကုန်းနှင့်အနီးအနားရွာသို့ စစ်အုပ်စုစစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ပြီး KNLA နှင့်တိုက်ပွဲဖြစ်ပွားကာ ဒေသခံများဖမ်းဆီးခံခဲ့ရသည်။
ဒေသခံအချို့ကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်မှုအပြင် စစ်လက်နက်ဖြင့်တိုက်ခိုက်မှုတို့ကြောင့်လည်း အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး အချို့မှာ ဘေးလွတ်ရာရှောင်တိမ်းခဲ့ရသည်ဟု သိရသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ ပြီးခဲ့သည့်နှစ်ကစာရင်းများအရ ညောင်လေးပင်ခရိုင်တစ်ခုလုံးအားဖြင့် စစ်ဘေးရှောင် တစ်သိန်းကျော်ရှိနေသည်။



















