Home တွေ့ဆုံမေးမြန်းခန်း KNLA ဗျူဟာအမှတ် (၂) ဒုဆေးတာဝန်ခံ ရဲဘော်ဟန်နီ နှင့် ဆက်သွယ်မေးမြန်းခြင်း

KNLA ဗျူဟာအမှတ် (၂) ဒုဆေးတာဝန်ခံ ရဲဘော်ဟန်နီ နှင့် ဆက်သွယ်မေးမြန်းခြင်း

482

“ပုံမှန်လိုမျိုး ပြန်နေလို့ရပါတယ်၊ ကိုယ်နေတာက စစ်ဖိနပ်အောက်မှာပဲရှိသေးတယ်ဆိုတာကို မမေ့ပါနဲ့”

KNLA ဗျူဟာအမှတ် (၂) ဒုဆေးတာဝန်ခံ ရဲဘော်ဟန်နီ နှင့် ဆက်သွယ်မေးမြန်းခြင်း

စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်လာပြီး ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) နှင့် တပ်မဟာ (၆) နယ်မြေများရှိ ရှေ့တန်းစစ်မျက်နှာပြင်များတွင် ဆေးတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗျူဟာအမှတ် (၂) မှ ဒုတိယဆေးတာဝန်ခံ ရဲဘော်ဟန်နီနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ရတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ အာဏာသိမ်းတဲ့အချိန်မှာ ဆန္ဒတွေပြကြတာပေါ့။ ဒီလိုမျိုးဆန္ဒပြရုံနဲ့တော့ ဒီကိစ္စကြီးက ပြီးမှာ မဟုတ်ဘူးပေါ့ဆိုတဲ့အခါကျတော့ ရန်ကုန်မှာ UG အဖွဲ့တွေနဲ့ Mission တွေဘာတွေ လုပ်ခဲ့တယ်ပေါ့။ နောက်ပြီး လက်နက်ကိုင်တိုက်မှရမယ်ဆိုပြီး တပ်မဟာ (၇) မှာ သင်တန်းတွေ စပေးတဲ့အချိန် ရောက်လာတာဖြစ်တယ်။ အဓိက ခံယူချက်ကတော့ အာဏာရှင်စနစ်ကို တိုက်ထုတ်မယ် ပြီးရင် ပုံမှန်လိုပဲ အရင်တုန်းကလိုပုံမှန်အခြေအနေ ပုံမှန်ဘဝကို ပြန်သွားမယ်ပေါ့။ အရင်တုန်းကတော့ Dental assistant သွားဘက်ဆိုင်ရာ လက်ထောက်သူနာပြုအနေနဲ့ လုပ်တယ်။ ကျောင်းလည်း တက်တယ်၊ ဘွဲ့တော့ရပြီး။ ဒါပေမဲ့ ဘွဲ့ကိုဗစ်ကြောင့် ဘွဲ့နှင်းသဘင်တွေ မကျင်းပတော့ ဘွဲ့မယူဖြစ်လိုက်ဘူး။

ပြီးတော့ အာဏာသိမ်းတာနဲ့ဖြစ်တော့ နောက်ပြီး ဒီဘက်ရောက်သွားတာပေါ့နော်။ ညီမအမေကလည်း ၈၈ တုန်းက ရန်ကုန်မှာ ပါဝင်တာတွေလည်းရှိတယ်၊ တောခိုတဲ့အထိတော့မရောက်ဘူး။ စစ်အာဏာကို ပြန်တော်လှန်ဖို့ လက်နက်ကိုင် လမ်းရွေးချယ်တော့ ကန့်ကွက်တာမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ သတိပေးတာတွေဘာတွေပဲရှိတယ်။ တစ်ခြားအိမ်သားတွေကတော့ ကန့်ကွက်တာတော့ရှိတယ်။ အမေဆုံးသွားတဲ့နောက်မှာ အိမ်ကလူတွေနဲ့လည်း အဆက်အသွယ်မလုပ်တော့ဘူး။

မေး။ ။ တော်လှန်ရေးနယ်မြေထဲကို ဘယ်ဒေသက စတင်ဝင်ရောက်ခဲ့တာလဲ။ ပြီးတော့ ဘာလိုဖြစ်လို့ ဒီဆေးဘက်ဆိုင်ရာအပိုင်းကို ရွေးချယ်ရတာလဲ။
ဖြေ။ ။ စစလာတော့တပ်မဟာ (၇) မှာစရောက်တယ်၊ အဲအချိန်တုန်းကတော့ သင်တန်းတက်တယ်ပေါ့နော် ။ သင်တန်းတက်ပြီးတဲ့အချိန်မှာ ခွင့်တောင်းတာပေါ့နော်၊ ရှေ့တန်းသွားချင်တယ်၊ အရမ်းလည်း သွားချင် တယ်ပေါ့။ ဆေးဘက်ဆိုင်ရာပိုင်းပဲဖြစ်ဖြစ်၊ တိုက်ခိုက်ရေးပိုင်းမှာပဲ ဖြစ်ဖြစ်ပေါ့။ အရင်တုန်းက အဲမှာက တပ်မဟာ (၇) ဌာနချုပ်ဖြစ်တဲ့အတွက် တိုက်ပွဲမဖော်ဆောင်ပေးဘူးဆိုတော့ တပ်မဟာ (၆) ဘက် လေးကေကော်တိုက်ပွဲကစပြီး အဲဒီအချိန်တုန်းက အရမ်းရှေ့တန်းသွားချင်ကြတယ်။ နောက်တော့ တပ်မဟာ (၆) နဲ့ဆက်သွယ်တယ်၊ တပ်ရင်း (၂၇) က အပါးစောမူးဂေ(တပ်ရင်းမှူး) တို့ဆီ ရောက်သွားတယ်။ အဲကနေ လေးကေကော်တောက်လျှောက်မှာ တာဝန်ထမ်းဆောင်တယ်။

အဲကနေပြီးတော့ အနီးဆုံးတိုက်ပွဲ ကော့ကရိတ်၊ သုံးထပ်ကွေ့၊ ဘလယ်ဒို၊ သေဘောဘိုး အဲတောက်လျှောက်တိုက်ပွဲမှာ တာဝန်ထမ်းဆောင်တယ်။ ရှေ့တန်းဒုတိယလိုင်းမှာ တာဝန်ထမ်းဆောင်တယ်။ တစ်ခါတစ်လေကျရင်လည်း အရှေ့အထိ ရောက်သွားတာတွေလည်းရှိတယ်။ အဲဒီကနေပြီးတော့ တပ်မဟာ (၄) ဘက်မှာ ပြန်လာတယ်။ တပ်မဟာ (၄) မှာက ထီးထာစခန်း၊ ကျောက်ထုစခန်းသိမ်းတိုက်ပွဲတွေမှာလည်း ပါဝင်ပြီး။ အခုမကြာသေးခင်က ဝင်းဝစခန်း သိမ်းတိုက်ပွဲတွေမှာ ဆေးပိုင်းဆိုင်ရာအပိုင်းပါဝင်ခဲ့တယ်။ ပြီးတော့ စစ်ကြောင်းဖြတ်တောက်တိုက်ခိုက်တာတွေကအများကြီးပဲ။ လေးနှစ်လောက်က တောက်လျှောက်ပဲနားရက်ခွင့်ယူတာတွေလည်းမရှိခဲ့ပါဘူး။

မေး။ ။ ပြီးခဲ့တဲ့ ဝင်းဝစခန်းသိမ်းတိုက်ပွဲမှာ ကိုယ်တာဝန်ယူပေးရတဲ့ အပိုင်းလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ဝင်းဝစခန်းမှာက ကျမတို့က Medical Team အနေနဲ့ပေါ့။ ကျမတို့ ဆင်းလာတဲ့ Team က နေရာနှစ်ခုခွဲလိုက်တယ် ။ တစ်ခုက ရှေ့တန်းနဲ့နီးတဲ့နေရာတစ်ခုနဲ့ ရှေ့တန်းနဲ့ ဝေးတဲ့နေရာတစ်ခု အဲလို ခွဲထားတယ်။ ပြီးတော့ စခန်းနဲ့မနီးတဲ့ လူနာအတွက် အန္တရာယ်ကင်းတဲ့နေရာတစ်ခု ထားရတယ်။ တစ်ခြားဆရာမတွေလည်းရှိတယ်။ နောက်ပြီးအမျိုးသမီးတွေအနေနဲ့ ဒရုန်းအဖွဲ့မှာလည်းပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေမှာတော့ အမျိုးသမီးတွေ တော်တော်များများပါတယ်။ အဓိက ဆေးအဖွဲ့နဲ့ ဒရုန်းအဖွဲ့တွေမှာ ပါဝင်မှုများတယ်။ လွန်ခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ထက်စာရင်တော့ အခုက အမျိုးသမီးပါဝင်မှုတော်တော်များလာတယ်။ ရှေ့တန်းအထိ ရန်သူကို ထိတွေ့မပစ်တာပဲရှိမယ်။

တစ်ခြားနည်းပညာအပိုင်းတွေဖြစ်တဲ့ ဆက်သွယ်ရေးအပိုင်း စက်ကိုင်တဲ့အပိုင်း၊ ဒရုန်း၊ စနိုက်ပါ ဆေးအဖွဲ့မှာများတယ်။ အရင်တုန်းကတော့ ဆေးပိုင်းမှာလွဲပြီး တစ်ခြားအပိုင်းမှာက အမျိုးသမီးတွေကို သိပ်မသုံးဘူး။ အခုဆိုရင်တော့ နည်းပညာပိုင်းဆိုင်ရာဖြစ်ဖြစ် ယုံကြည်မှုတွေပေးလာတယ်၊ နေရာတွေ လည်း ပေးလာတာရှိတယ်။ အမျိုးသမီးတွေရဲ့ ကြိုးစားမှု၊ ယုံကြည်မှုနဲ့ဆိုင်တယ်။ အရင်တုန်းက အမျိုးသမီးတွေကိုရှေ့တန်းပို့ရင် သူတို့က ကြည့်ပေးရတယ်ရှိတော့ သူတို့ မပေးပါဝင်ဘူး။ ကျမတို့ဆီမှာ ကတော့ အမျိုးသမီးတွေက ကြိုးစားမှုလည်းရှိတယ်၊ ယောက်ျားလေးတွေနဲ့အမျိုးသမီးအမျိုးသားတန်းတူ လုပ်နိုင်ကိုင်နိုင်မယ်။ အဲလိုနေရာမျိုးပေါ့ သူတို့ကနေရာပေးတယ်။

မေး။ ။ ရှေ့တန်းစစ်မြေပြင်ရဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြပေးဦး။
ဖြေ။ ။ အဓိကတော့ ရှေ့တန်းမှာ ထိခိုက်တဲ့ရဲဘော်တွေကိုသွားပြီး ဆွဲယူရတာတော့ သယ်ရတာတို့ ရန်သူနဲ့ တိုက်ရိုက်ထိတွေ့တာတော့မဟုတ်ဘူး။ ပြောရမယ်ဆိုရင်ရှေ့တန်းက အနီးဆုံး လူနာတွေကိုပြန်ဆွဲလာနိုင်တဲ့နေရာမှာပေါ့။ အရမ်းကြီးအန္တရာယ်များတဲ့နေရာတော့မဟုတ်ပေမဲ့လည်း သိတဲ့အတိုင်းပဲ တိုက်ပွဲဖြစ်ရင်လက်နက်ကြီးတွေကပစ်တော့ သတိထားရတာတွေတော့ရှိတယ်။

မေး။ ။ ဆေးအပိုင်းမှာ တာဝန်ယူတယ်ဆိုတော့ ကိုယ့်မျက်စိရှေ့မှာ ထိခိုက်ဒဏ်ရာရရှိပြီးကျဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေကိုတွေ့မှာပဲဆိုတော့ ကိုယ့်စိတ်ကို ဘယ်လိုပြင်ဆင်ခဲ့လဲ။
ဖြေ။ ။ တစ်ခါတစ်လေ ကိုယ်နဲ့အရမ်းရင်းနှီးတဲ့ ကိုယ့်မောင်လေးလိုခင်တဲ့ရဲဘော်တွေ ထိတာတို့ ကျသွား တာတို့ရှိတယ်။ အဲဒီအလောင်းကို ကိုယ်တိုင် ပြင်ပေးလိုက်ရတာမျိုးလည်းရှိတဲ့အခါကျတော့ စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမဲ့လည်း သူတို့က ပြည်သူအတွက် တိုက်ပွဲဝင်ရင်းနဲ့ ကျသွားရ တယ်ဆိုတော့ သူတို့အတွက် စိတ်မကောင်းပေမဲ့လည်း ဂုဏ်ယူစွာနဲ့ဘဲ စိတ်ဖြေလိုက်တယ်။ တိုက်ပွဲမှာ ထိတဲ့ရဲဘော်တွေ ကိုယ်နဲ့ ခင်တဲ့ရဲဘော်ထိတယ်ဆိုရင် တစ်ခါတစ်လေကျရင် ကိုယ့်စိတ်ကို ငြိမ်အောင်ထားပြီးတော့ဘဲ လုပ်ပေးဖြစ်တယ်။ မဟုတ်ရင်တော့စိတ်မငြိမ်ရင် ဆက်လုပ်လို့အဆင်မပြေဘူး။

မေး။ ။ မြို့မှာကြီးပြင်းလာတဲ့လူငယ်တစ်ဦးအနေနဲ့ တောထဲမှာ လက်နက်ကိုင်ရတော့ တစ်ခါတစ်လေ စိတ်ဓာတ်ကျသွားတာမျိုး နောင်တရတာမျိုးရှိလား။
ဖြေ။ ။ နောင်တရတာတော့ တစ်ခါမှမရဘူး။ စိတ်ဓာတ်ကျတာကတော့တစ်ခါတစ်လေ တချို့အခက်အခဲဖြစ်တဲ့ လမ်းခရီး အခက်အခဲ လိုအပ်ချက်အခက်အခဲတွေကြုံလာရင်တော့ စိတ်ဓာတ်ကျတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ ကိုယ်ပြန်ပြီး အားတင်းတယ်၊ ပြီးရင်ကိုယ့်ဘေးနားမှာ ရှိတဲ့လူတွေ အရာရှိတွေက အားပေးကြတာတွေရှိတယ်။ အဲဒီအချိန်ကျရင် ကိုယ်က ကိုယ့်အစုအဖွဲ့ထဲမှာ ဒီလောက်တောင်စိတ်ဓာတ်ကျရင် အရာရှိတွေက သူတို့မှာ ထိန်းရမှာတာဝန်ယူရတာတွေအများကြီးရှိတယ် ။

သူတို့လဲအခက်အခဲအများကြီးရှိမှာပဲဆိုပြီးပြန်ပြီးအားတင်းရတာတွေရှိတယ်။ ဒီအလုပ် လုပ်တာကလဲအဆင်တော့ပြေပါတယ် ကိုယ့်ဝါသနာနဲ့ ကိုက်ညီလားဆိုရင်တော့ အရင်တုန်းက Dental assistant အလုပ်နဲ့ကလည်း ဆေးဘက်ဆိုင်ရာဘဲဆိုတော့ သိပ်ပြီးကွာခြားမှု အရမ်းကြီးမရှိဘူးဆိုတော့အဆင်ပြေတယ်။

အဓိကကိုယ့်ရဲဘော်တွေရဲ့အသက်ကို ကယ်တင်ရတော့ အဆင်ပြေတယ်။ တစ်ခါတစ်လေ စိတ်ဓာတ်ကျရင် ဖုန်းထဲက ကိုယ်ကုပေးတဲ့ဒဏ်ရာရရဲဘော်တွေပုံပြန်ကြည့် ငါလုပ်နိုင်ခဲ့ပါလားဆိုပြီး စိတ်ပြန်ဖြေရတယ်။ ပြီးတော့ တိုက်ပွဲအချိန်ကြာလာတော့ တချို့ရဲဘော်တွေက အိမ်ကိုလွမ်းတာတွေ အမေ့ဆီပြန်သွားချင်တာတွေရှိတယ်။ ပြီးရင်တချို့က မြို့မှာပျော်ရွှင်နေတဲ့အချိန်မှာ ကိုယ်တွေက တော်လှန်ရေးလုပ်တော့ ဒုက္ခဆင်းရဲတာတွေနဲ့တွေ့တော့ သူတို့တွေစိတ်ဓာတ်ကျရင် အားပေးရတာ တွေလည်း ရှိတယ်။ တစ်ခါတစ်လေ ကိုယ်ကလည်း စိတ်ဓာတ်ကျတာတွေရှိတယ်။ ကိုယ့်ကိုယ်ကိုလည်း အားပေး၊ သူတို့ကိုလည်း အားပေးပေါ့။

မေး။ ။ ရှေ့တန်းစစ်မြေပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ အသက်ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ အမှတ်ရစရာလေးတွေလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျမတို့လုပ်တဲ့အလုပ်က တိုက်ပွဲဝင်တဲ့ရဲဘော်တွေမကဘဲ ပြည်သူလူထုရဲ့ အသက်တွေကို ကယ်ပေး ရတာတွေရှိတယ်။ တစ်ခါတစ်လေစစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲလို့ မိုင်းနင်းမိလို့ သုံ့ပန်း အဖြစ်ဖမ်းခံရပြီး လမ်းမှာပစ်တော့ သွားကယ်ပြီး ဆေးကုပေးရတာတွေလည်းရှိတယ်။ ဆေးကုရင်းအသက်ဘေးနဲ့ကြုံရတာတွေလည်းရှိတယ်။

ဥပမာ ဝင်းဝစခန်းသိမ်းတိုက်ပွဲမှာဆိုရင်လည်း တောက်လျှောက်လေယာဉ်လာကြဲတယ်၊ ထားတဲ့ဆေးခန်းနဲ့က သိပ်မဝေးဘူးဆိုတော့ ဒဏ်ရာရရဲဘော်တွေကို ဆေးကုတဲ့အချိန် Y-12 လာတော့ အဲဒီအချိန်မှာ လူနာကို ရွှေ့လို့လဲအဆင်မပြေတော့ဘူး။ ထိရင်လဲထိပါစေဆိုပြီး လူနာကို ဆေးကုလိုက်တယ်အဲလိုတွေရှိတယ်။

မေး။ ။ အခုဆိုရင် တချို့ဆို တော်လှန်ရေးကိုမေ့ပြီး သူတို့ဘဝ ပုံမှန်လို ပြန်သွားတာတွေ့တော့ ကိုယ့်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ သူတို့က အစတုန်းက အများကြီးပါဝင်တယ်။ လမ်းမပေါ်ထွက်ရင်လဲလမ်းအပြည့်ပဲ။ တော်လှန်ရေး နည်းနည်းကြာလာတဲ့အခါမှာ သူတို့ကလည်း ပုံမှန်ရုန်းကန်ရတော့ ဒီအပိုင်းကို အားမထည့်နိုင် တော့တာလဲပါတယ်။ တချို့က တော်လှန်ရေးအစမှာကူညီခဲ့တယ် အရမ်းကိုကူညီတဲ့လူတွေတောင်မှ အခုဆိုရင် အေးသွားတာမျိုးရှိတယ်။ တစ်ခါတစ်လေကျရင်တော့ စိတ်ဓာတ်ကျတယ်။ သူတို့က ပုံမှန်ဘဝကိုဖြတ်သန်းပြီး ကိုယ်တွေကျရင်တော့ တောထဲမှာပေါ့။ ရန်ကုန်ကိုလွမ်းတာပေါ့ အဲလိုမျိုးလည်းရှိတယ်။ ဒါပေမဲ့လည်း ပြန်စဉ်းစားကြည့်တော့လည်း ကိုယ်တွေက စစလာတုန်းက ခံယူချက်ပြင်းတယ်။

တကယ်လို့ အခုခေတ်စားနေတဲ့ အလင်းဝင်ရင်ရောပြန်ပြီးတော့ အဆင်ပြေမှာလားပေါ့။ ဒီလူတွေအုပ်ချုပ်နေသ၍ အာဏာမသိမ်းခင်ကာလလိုမျိုး ဘယ်တော့မှ ပြန်ရမယ့်အခြေအနေ မဟုတ်ဘူး။ ဘယ်လိုဘဲနေနေ ဒီလူတွေကိုဖြုတ်ချပြီးတော့မှ အရင်လိုပြန်ဖြစ်မှာ။ အဲဒီအသိတစ်ခု ကတော့ ခေါင်းထဲမှာတော့စွဲစွဲမြဲမြဲဖြစ်သွားပြီး ပြည်သူတိုင်းလည်းသိမှာပါ၊ သူတို့ပြောလို့ အဆင်မပြေတော့တာ၊ ထုတ်မပြောနိုင်တော့တာ ဒါမျိုးတွေကြောင့်လည်း သူတို့သွေးအေး သွားတာဖြစ်ရင်လည်းဖြစ်မှာပေါ့လေ။ ကူညီနေဆဲသူတွေကလည်း ကူညီနေဆဲပါပဲ၊ သွေးမအေး တဲ့လူတွေကလည်း အခုချိန်ထိသွေးမအေးပါဘူး။ တစ်ခါတစ်လေကျရင်လည်း စိတ်ဓာတ်ကျ တာတွေလည်းရှိတယ်။ သူတို့ကိုကြည့်ပြီးတော့ အားငယ်တာတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်တွေက ဒီခံယူချက်တစ်ခုတည်းနဲ့လာခဲ့တာလေ။ ဒီခံယူချက်ကစွဲစွဲမြဲမြဲဆက်လုပ်မှဖြစ်တယ်။

အာဏာရှင်မပြုတ်ကျမချင်းကတော့ အရင်လို ရခဲ့တဲ့လွတ်လပ်မှုက ဘယ်တော့မှပြန်ရမှာမဟုတ်ဘူး။ ကျမတို့က ရန်ကုန်မှာနေတယ်ဆိုတော့ မြို့ကပုံစံအတိုင်းပြောတာ။ အရင်တုန်းကတည်းက တောင်တန်း ဒေသတွေ နယ်စပ်ဒေသတွေက မငြိမ်းချမ်းခဲ့ဘူး၊ မလွတ်လပ်ခဲ့ဘူးဆိုတာက သက်သေပဲလေ။ သေသေချာချာ ဒီအာဏာရှင်ကို လုံးဝဖြုတ်ချနိုင်မှပဲ တစ်နိုင်ငံလုံးလွတ်လပ်မှာ။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာဖြည့်စွက်ပြောချင်သေးလဲ။
ဖြေ။ ။ သွေးမအေးပါနဲ့၊ ပုံမှန်လိုမျိုးပြန်နေလို့ရပါတယ်။ နေ့စဉ်ဘဝမှာလည်း လှုပ်ရှားရုန်းကန် ခရီးတွေသွားပျော်အောင်နေဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ကိုယ်နေတာက ဒီအာဏာရှင်စနစ်ဆိုးကြီးရဲ့ အောက်မှာ စစ်ဖိနပ်အောက်မှာပဲရှိသေးတယ် ဆိုတာကိုမမေ့ပါနဲ့။ ပြီးတော့ အစက အာဏာစသိမ်း စကတည်းက ခံယူထားတဲ့ခံယူချက်အတိုင်းရှေ့ဆက်ပေးကြပါ။ အားလုံးတူတူ ဝိုင်းတွန်းမှ ရွေ့မှာ ဖိတ်ခေါ်ချင်ပါတယ်။