Home သတင်း ကွမ်းသီးဈေး ကျဆင်း၍ သိုလှောင်ရောင်းချသူများ အရှုံးပေါ်

ကွမ်းသီးဈေး ကျဆင်း၍ သိုလှောင်ရောင်းချသူများ အရှုံးပေါ်

495

မတ် (၁၉) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ယခုနှစ်ကွမ်းသီးခူးစွတ်ရောင်းချသည့်ရာသီတွင် ယခင်ကထက် ကွမ်းသီးဈေး တဖြည်းဖြည်းကျဆင်းလာသောကြောင့် ကွမ်းသီးသိုလှောင်ကာ ပြန်လည်ရောင်းချမည့်သူများ အရှုံးပေါ်နေကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ပြီးခဲ့သည့်နှစ် ကွမ်းသီးရာသီက တစ်ပိသာလျှင် ငွေကျပ်(၃၀,၀၀၀) ဖြင့် ရောင်းဈေးရှိခဲ့ရာမှ ယခုနှစ်တွင် ကွမ်းသီးတစ်ပိသာလျှင် (၁၂,၀၀၀)ကျပ်မှ (၇,၀၀၀)ကျပ်အထိ ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်သည်။ ထိုဈေးမှာ မူရင်းဝယ်ဈေးသာရှိ၍ အရှုံးပေါ်ခြင်းဖြစ်သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်နေ ကွမ်းကုန်သည်တစ်ဦးက ပြောသည်။

“အခွံနဲ့ ကွမ်းသီးတစ်ပိဿာကို ၇ထောင်နဲ့ဝယ်ထားတာ။ အခု အခွံခွာပြီးမှ ၇,၀၀၀ ပဲရတယ်။ ငွေအရင်းပဲ။ ဒါပေမဲ့ အခွံခွာရတဲ့စရိတ်တွေ၊ သယ်ယူပို့ဆောင်ခတွေနဲ့ ပြန်တွက်ရင်တော့ရှုံးပြီ” ဟု ကွမ်းသီး သိုလှောင်ပြီးပြန်လည်ရောင်းချသူက ပြောသည်။

ဈေးကျချိန်ထုတ်ရောင်းလျှင် အရှုံးပေါ်နိုင်သောကြောင့် ကွမ်းသီးပေါ်ကာစဈေးသို့ ပြန်လည်မြင့်တက်လာမည်ကို စောင့်ဆိုင်းနေရကြောင်းလည်း မွန်ပြည်နယ်အတွင်းရှိ ကွမ်းသီးစိုက်ပျိုး၊ သိုလှောင်ကာ ပြန်လည်ရောင်းချသူများက ဆိုသည်။

ရေးမြို့နယ်ရှိ ကွမ်းစိုက်ပျိုးကုန်သွယ်သူတစ်ဦးက “ခုလောလောဆယ်ဈေးနဲ့မမြတ်ဘူးလေ။ အဲဒါကြောင့် ဈေးတက်တဲ့အထိ စောင့်နေတာ” ဟု ကေအိုင်စီကို ပြောသည်။

မြန်မာနိုင်ငံတွင် ကွမ်းသီးများကို မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးမှုအများဆုံးရှိသည်။ သို့သော် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲနှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကွမ်းသီးရောင်းဝယ်ရေးပြုလုပ်ရာတွင် ယခင်လောက်မလွယ်ကူတော့ကြောင်း ကွမ်းစိုက်တောင်သူနှင့် ကုန်သည်များထံမှ သိရသည်။