မတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ဇရပ်ခင်ရွာသို့ ပြီးခဲ့သည့် မတ်လ(၁၇)ရက်နေ့တွင် စစ်ကြောင်းထိုးလာသောစစ်အုပ်စုမှာ ရွာခံမိသားတစ်စုကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် (၂)နှစ်အရွယ် ကလေးငယ် ယောင်္ကျားလေးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ကေအဲန်ယူနှင့်ဒေသခံထံမှ သိရသည်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ဇရပ်ခင်၊ နံဇလေး၊ သဲဖြူရွာများသို့ ဆေးရိုးခင်ရွာအထိုင်စစ်အုပ်စုပူးပေါင်းတပ်များ မနက်ပိုင်းတွင် စစ်ကြောင်းဝင်လာခြင်းကြောင့် ရွာခံများဘေးလွတ်ရာထွက်ပြေးစဥ် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သေနတ်ဒဏ်ရာဖြင့် အဆိုပါကလေးငယ် ပွဲချင်းပြီးသေဆုံး၍ သူ၏မိခင်နှင့်ဖခင်ဖြစ်သူတို့လည်း ဒဏ်ရာရရှိသွားသည်ဟု ကေအဲန်ယူက မတ်လ(၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနေ စစ်ရှောင်တစ်ဦးက “အဲ့ရွာတွေက ပဲနွယ်ကုန်းနဲ့သိပ်မဝေးဘူး။ သူတို့ဝင်လာတာမနက်အစောကြီး။ အဲဒီသားအမိသားအဖသုံးယောက်က ဆိုင်ကယ်စီးပြီး ပြေးမယ်လုပ်တော့ စစ်တပ်ကလှမ်းခေါ်တာ။ မောင်းပြေးမယ်လုပ်လို့ပစ်တာ ကလေးကိုထိသွားတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ပဲနွယ်ကုန်းမြို့ဧရိယာတစ်ဝိုက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက စစ်ကြောင်းထိုးလာသည့်စစ်အုပ်စုတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ရွာများအတွင်း ဝင်ရောက်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်များက ဖော်ပြကြသည်။
လက်ရှိအချိန်ထိ ဇရပ်ခင်နှင့်အနီးအနားရွာများသို့ စစ်ကြောင်းဝင်ရောက်တပ်စွဲနေခြင်းကြောင့် ကျေးရွာ(၇)ရွာမှ လူဦးရေ (၁,၇၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ကေအဲန်ယူအပါအဝင် ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့်မတ်လ(၅)ရက်နေ့ကလည်း စစ်အုပ်စုက စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ကျေးရွာများကို စစ်ကြောင်းထိုးကာ အရပ်သားပြည်သူအစုလိုက်ကို ဖမ်းဆီးသတ်ဖြတ်မှုကျုးလွန်ထားသည်။



















