Home သတင်း စစ်လက်နက်ကြောင့် တစ်လအတွင်း ညောင်လေးပင်ခရိုင်တွင် ဒေသခံ(၃)ဦးသေဆုံးပြီး (၁၂)ဦးဒဏ်ရာရခဲ့

စစ်လက်နက်ကြောင့် တစ်လအတွင်း ညောင်လေးပင်ခရိုင်တွင် ဒေသခံ(၃)ဦးသေဆုံးပြီး (၁၂)ဦးဒဏ်ရာရခဲ့

355
Photo: KNU

မတ် (၁၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီတစ်လအတွင်း စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ(၃)ဦးသေဆုံးပြီး (၁၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူစာရင်းအရ သိရသည်။

ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်အုပ်စုက ပြည်သူနေထိုင်ရာကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု(၂၃)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၂၇)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု(၁၂)ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ကျေးရွာနေ ဒေသခံ(၃)ဦးသေဆုံးကာ (၁၂)ဦးဒဏ်ရာရခဲ့သည်ဟု ညောင်လေးပင်ခရိုင်၏စာရင်းက ဖော်ပြသည်။

“မနေ့ညကအထိ နတ်သံကွင်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်နေသေးတယ်။ တလိုင်းခင်ဘက်ကို။” ဟု ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့မှစစ်ဘေးရှောင် အမျိုးသားတစ်ဦးက ယနေ့ ကေအိုင်စီကိုပြောသည်။

ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သားများအပြင် လူထုနေထိုင်ရာ နေအိမ်များ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။ နေအိမ်(၄၈)လုံး၊ စာသင်ကျောင်း(၅)ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ(၃)လုံး ပျက်စီးမှုတွင်ပါဝင်သည်ဟု ကေအဲန်ယူစာရင်းအရ သိရသည်။

ထို့အတူ ညောင်လေးပင်ခရိုင်တွင် စစ်ရေးလှုပ်ရှားသော ကရင်လက်နက်ကိုင်တော်လှန်ရေးမဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ရာ‌ တော်လှန်ရေးတပ်ဖွဲ့ဝင်(၆)ဦးထိခိုက်ဒဏ်ရာရရှိသွားသည်။ စစ်အုပ်စုဘက်ကမူ (၂၀)ကျော်သေဆုံးပြီး (၂၀)ဦးဒဏ်ရာရ၍ လက်နက်ချအလင်းဝင်လာသူ စစ်အုပ်စုတပ်ဖွဲ့ဝင်(၆)ဦးရှိခဲ့သည်ဟု စာရင်းကဆိုသည်။

ယခုမတ်လတွင်လည်း စစ်အုပ်စုက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထိခိုက်သေဆုံးသူဒေသခံများရှိနေသည်။ ပြီးခဲ့သည့် မတ်လ(၁၃)ရက်နေ့ကပင် ကျောက်ကြီးမြို့နယ်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်မှုကြောင့် သဲဖြူသစ်ရွာရှိ ဆယ်နှစ်ဝန်းကျင်အရွယ် ကလေး(၂)ဦးအပါအဝင် ဒေသခံ(၄)ဦးသေဆုံးပြီး (၃)လသားအရွယ် ကလေးငယ် ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။