Home သတင်း မူတြော်ခရိုင်တွင် စစ်အုပ်စု လေကြောင်းဗုံးကြဲမှု ကိုယ်ဝန်ဆောင်မိခင်တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် မိသားစုဝင် ၂ ဦး ဒဏ်ရာရ

မူတြော်ခရိုင်တွင် စစ်အုပ်စု လေကြောင်းဗုံးကြဲမှု ကိုယ်ဝန်ဆောင်မိခင်တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် မိသားစုဝင် ၂ ဦး ဒဏ်ရာရ

300
Photo: KWO

မတ်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ ၅ နယ်မြေ/မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်တွင် စစ်အုပ်စုတပ်က ယမန်နေ့ မတ်လ ၈ ရက် ညပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး သေဆုံးပြီး ၎င်း၏ ကလေးငယ်အပါအဝင် မိသားစုဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသမီးအဖွဲ့အစည်း-KWO က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်အချိန်တွင် စစ်အုပ်စု လေတပ်က လူသောမြို့နယ်၊ မဲကောလောကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု KWO သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် သေဆုံးသူ၏ အသက် ၂ နှစ်အရွယ် သမီးနှင့် အသက် ၂၇ နှစ်အရွယ် ခင်ပွန်းဖြစ်သူတို့လည်း ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KWO

မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သော်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးနှင့် ကလေး ငယ်များမှာ အသက်ဘေးအန္တရာယ်အတွက် စိုးရိမ်စိတ်ဖြင့် နေထိုင်ရသည်ဟု KWO က ပြောသည်။

ထိုနေ့တစ်ရက်တည်းတွင်ပင် မူတြော်ခရိုင်အတွင်းရှိ တချို့နေရာများတွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း လူသောမြို့နယ်၊ သေးမီဒဲကျေးရွာအုပ်စုသို့ စစ်အုပ်စုမှ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးသွားကြောင်း တပ်မဟာ ၅ ကေအဲန်ယူနှင့် ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။