မတ်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင် ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို လုံခြုံရေး စိန်ခေါ်မှုကြားမှ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ပြောသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပွဲတွင် ခရိုင် ကရင်အမျိုးသမီးအစည်းအရုံးမှ ဦးဆောင်မှုပြုပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကရင်အမျိုးသမီးအစည်းအရုံးဝင်များ၊ အခြားလူမျိုးစု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများအပါအဝင် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
“ခရိုင်က ဦးဆောင်ပြီး ကျုံဒိုးမြို့နယ်မှာ လာလုပ်တယ်။ ကျုံဒိုးမြို့နယ်အပြင် အခြားမြို့နယ်က KWO လည်း တက်တယ်။ အခြားလူမျိုးစု အမျိုးသမီးလည်း တက်ရောက်တာရှိတယ်” ဟု ဒူးပလာယာခရိုင် KWO အစည်းအရုံးဝင်တစ်ဦးက ပြောသည်။
အလားတူ အမျိုးသမီးများသည် အမျိုးသားနည်းတူ ကျရာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဆုံးဖြတ်ချက် ချမှတ်ခြင်းအပိုင်းတွင်လည်း ဦးစားပေးရန် လိုအပ်နေကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။
၎င်းက “အမျိုးသမီးတွေ ကဏ္ဍအလိုက်မှာ ဦးဆောင်တာတွေ့တယ် ဒါပေမဲ့ ဆုံးဖြတ်မှုပိုင်းမှာလည်း အမျိုးသမီးတွေ ပါဝင်စေချင်တယ်” ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ယမန်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကေအဲန်ယူ ထိန်းချုပ် နယ်မြေဒေသအပြင် နယ်စပ်ဒေသများတွင်လည်း ဂုဏ်ပြုကျင်းပခဲ့ကြသည်။



















