Home တွေ့ဆုံမေးမြန်းခန်း IMEI နံပါတ်ကို မိုဘိုင်းသက်သေခံစနစ်-CEIR တွင် စာရင်းသွင်းခိုင်းခြင်းနှင့် ပတ်သက်၍ ကရင်လူငယ်နည်းပညာရှင်နှင့် ဆက်သွယ်မေးမြန်းခြင်း။

IMEI နံပါတ်ကို မိုဘိုင်းသက်သေခံစနစ်-CEIR တွင် စာရင်းသွင်းခိုင်းခြင်းနှင့် ပတ်သက်၍ ကရင်လူငယ်နည်းပညာရှင်နှင့် ဆက်သွယ်မေးမြန်းခြင်း။

764
Photo: Social Media

“ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ဗဟိုက ပိုပြီး ထိန်းချုပ်ချင်တာပါ။ IMEI ရသွားရင် ပိုပြီး ခြေရာလိုက်လို့ ကောင်းတယ်လေ။”

IMEI နံပါတ်ကို မိုဘိုင်းသက်သေခံစနစ်-CEIR တွင် စာရင်းသွင်းခိုင်းခြင်းနှင့် ပတ်သက်၍ ကရင်လူငယ်နည်းပညာရှင်နှင့် ဆက်သွယ်မေးမြန်းခြင်း။

မတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းတစ်လုံးချင်းစီ၏ မှတ်ပုံတင်နံပါတ် (International Mobile Equipment Identity-IMEI) နံပါတ်များကို လာမည့် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register-CEIR) တွင် မိမိအသုံးပြုနေသော ဆင်းကတ်များဖြင့် မှတ်ပုံတင် ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်း စစ်အုပ်စု ထိန်းချုပ်သော CEIR နှင့် EIR စနစ်စီမံကိန်း ဦးစီးကော်မတီက ယနေ့ ထုတ်ပြန်သည်။

CEIR တွင် သတ်မှတ်ရက်အတွင်း မှတ်ပုံတင်ပြီးပါက အခွန်အခ ကင်းလွတ်မည်ဖြစ်ပြီး ရက်ကျော် လွန်လျှင် အခွန်နှင့် ဒဏ်ကြေးပေးဆောင်ရမည်။ ထိုမှသာ မိုဘိုင်းဖုန်းဆက်သွယ်မှုများ ဆက်လက်အသုံးပြုနိုင်မည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်များ စောင့်ကြည့်အရေးယူခံနေရသည့် မြန်မာနိုင်ငံ၌ ယခုလို သတ်မှတ်ချက်ထားရှိခြင်း၏ ရည်ရွယ်ချက်၊ CEIR တွင် မိုဘိုင်းလက်ကိုင်ဖုန်း ကိုယ်ပိုင်နံပါတ်ကို မှတ်ပုံတင်ထားလိုက်ပြီးနောက် ဖြစ်လာနိုင်သော အကျိုးသက်ရောက်မှုများကို သိရှိနိုင်ရန် ကရင်လူငယ်နည်းပညာရှင်တစ်ဦးနှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ IMEI နံပါတ်ဆိုတာ ဘာလဲအရင်ပြောပြပေးပါလား။
ဖြေ။ ။ IMEI ဆိုတာ ဖုန်းတစ်လုံး ထုတ်တဲ့ကုမ္ပဏီက ထွက်လာပြီဆိုရင် သူ့အတွက် တစ်ခါတည်း သတ်မှတ်ထားပေးတဲ့ ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်ကို ဆိုလိုတာပါ။

မေး။ ။ အဲဒီနံပါတ်တွေကို CEIR မှာ စာရင်းသွင်းခိုင်းတာ ဘယ်လိုသဘောမျိုး ဖြစ်မလဲ။
ဖြေ ။ ။ ပိုပြီးတော့ စောင့်ကြည့်ခံရမယ်ဆိုတဲ့ သဘောပေါ့။ အရင်တုန်းက လူတစ်ယောက်က တစ်ခုခု လုပ်မယ်ဆိုရင် သူ့ရဲ့ဆင်းကတ်ကိုပဲ တစ်ခါတည်း ပိတ်လိုက်တာ။ အခုကျတော့ သုံးနေတဲ့ဖုန်းကိုပါ ပိတ်လိုက်လို့ရတယ်။ အဲဒီဖုန်းထဲကို မြန်မာပြည်က ကြိုက်တဲ့ဖုန်းဆင်းကတ် ဘာပဲဖြစ်ဖြစ် သုံးလို့မရတော့ဘူး။

ဒီ IMEI ကြီးကို ပိတ်လိုက်ပြီဆိုရင် အဲဒီဖုန်းက သုံးစားလို့မရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ အဓိကကတော့ တစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်တဲ့ သဘောပါ။ အခွန်ဆောင် တယ်ဆိုတဲ့ သဘောနဲ့ ပြောနေပေမဲ့လည်း အဲဒါမဟုတ်ဘူး၊ အဲဒီထက် ပိုကျယ်ပြန့်တယ် သူတို့ရည်ရွယ်ချက်က။

Photo: Social Media

မေး။ ။ ဖုန်းအသုံးပြုသူတွေကို ထောက်လှမ်းတာမျိုးကို ဆိုလိုတာလား။
ဖြေ။ ။ ဟုတ်တယ် ခြေရာခံထောက်လှမ်းတယ်လို့လည်း ပြောလို့ရတာပေါ့။ တစ်ခုခုဆိုရင် ကျနော်တို့က ဆင်းကတ်လေး ဖြုတ်လိုက်ရုံနဲ့ ကျနော်တို့ကို ခြေရာခံလို့ မရပေမဲ့ အခုက ဆင်းကတ် မထည့်ထားရင်တောင်မှ ဆင်းကတ်အသုံးပြုခဲ့တဲ့ တာဝါတိုင်တွေမှာ IMEI နံပါတ်က ချိတ်မိတဲ့ဟာမျိုး ဖြစ်သွားရင် ဖုန်းတစ်လုံးလုံးကို စွန့်ပစ်လိုက်ရတဲ့ သဘောပေါ့နော်။ တစ်ခုခုဆို အကုန်လုံးကို ဆင်းကတ်မထည့်လည်းပဲ ဒီ IMEI နံပါတ်နဲ့ ကြည့်လို့ရတဲ့ သဘောပါ။

မေး။ ။ ပြည်ပရောက်နေတဲ့သူဆိုရင်ရော ဘယ်လိုဖြစ်မှာလဲ။
ဖြေ။ ။ တကယ်လို့ ကိုယ့်ရဲ့စက်က ထိုင်းကို ရောက်နေရင်တောင်မှ ထိုင်းနိုင်ငံက ကိုယ့်ရဲ့ IMEI နံပါတ်ကို ယူထားတယ်ဆိုတော့ သူက ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို ဆက်သွယ်ရင် ဖုန်းနံပါတ်အပြင် IMEI နံပါတ်ကိုပါ ထပ်ယူတာကိုး။ IMEI နံပါတ်ကို ထပ်ယူတယ်ဆိုတာမျိုးက ထိုင်းနိုင်ငံ ရောက်နေ တာတောင်မှ ဒီဖုန်းက ဘာကိုသုံးလဲ ဘာကိုဆက်သွယ်လဲဆိုတာ သိနေတာမျိုးပေါ့။ ထိုင်းအော်ပရေ တာကတောင် ပေးစရာမလိုဘဲ မြန်မာပြည်ကို ဆက်သွယ်ရင် ဒါက ပေါ်နေမှာ။

မေး။ ။ စာရင်းသွင်းပြီးသား စက်တွေကနေ အသံကြားဖြတ်နားထောင်လို့ရတာမျိုးရော ရှိနိုင်လား၊ ဘယ်လို ခြေရာခံလို့ရတဲ့ ပုံစံမျိုးလဲ။
ဖြေ။ ။ အသံတွေကို ကြားဖြတ်နားထောင်တာတော့ မရှိနိုင်ပေမဲ့ ဒီစက်တစ်လုံးနဲ့ပဲ ပြီးသွားတာမျိုး မဟုတ်တော့ဘူး။ အရင်လို ဆင်းကတ်ဖြုတ်လိုက်တာနဲ့ မပြီးသွားဘူးဆိုတာမျိုး။ ကိုယ့်ဖုန်းက IMEI နံပါတ် မှတ်ပုံတင်ထားတယ်၊ မိုဘိုင်းအင်တာနက်နဲ့ မဟုတ်ဘဲ ဝိုင်ဖိုင်နဲ့ သုံးရင်တောင်မှ ဒီစက်က ဘာစက်လဲဆိုတာ တစ်ခါတည်း IMEI နံပါတ်ကနေ ပေးလိုက်တာမျိုးပေါ့။ ကိုယ်က ဝိုင်ဖိုင်နဲ့ သုံးနေရင် တောင်မှ ကိုယ့်ဝိုင်ဖိုင်နံပါတ်က ဒီ IMEI နံပါတ်ကနေ ထွက်မှာ။ ထွက်သွားပြီဆိုရင် ဒီနေရာမှာ သူသုံးနေ တယ်ဆိုတာကို သိသွားနိုင်တယ်။ ချိတ်ဆက်ပြီး ထောက်လှမ်းချင်တယ်ဆို ထောက်လှမ်းလို့ရတယ်။ အဓိကကတော့ လိုကေးရှင်းပဲ ကြည့်တာပေါ့။

နောက်တစ်ခုက ဒီစက်မှာ ဘာတွေလုပ်တယ်ဆိုတာမျိုးက ဆော့ဖ်ဝဲလ်ဝယ်ထားတယ်ဆို ထောက်ချင် ထောက်လို့ရတယ်။ ဥပမာ ကျနော် ဖေ့ဘွတ်ခ်သုံးနေရင်တောင်မှ ဖေ့ဘွတ်ခ်က ကိုယ့်ရဲ့ဘယ်စက်၊ ဘယ် IMEI နံပါတ်နဲ့ သုံးနေတယ်ဆိုတာ ဖေ့ဘွတ်ခ်ဆာဗာက သိတာပဲ။ ဆော့ဖ်ဝဲလ်ရေးပြီး လုပ်ချင်လုပ်လို့ရတယ် အများကြီးပဲလေ ချဲ့ချင်ချဲ့လို့ရတယ်။ ပြီးတော့ သူတို့ဆီမှာ Great Firewall ရှိတယ်လေ။ ဒါတရုတ်မှာ သုံးနေတဲ့ စနစ်ပဲလေ။

မေး။ ။ ဒီလိုသတ်မှတ်ချက် နောက်ဆက်တွဲမှာ ဘာတွေဖြစ်လာမယ်လို့ သုံးသပ်သလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ပိုကြပ်တည်းလာမယ့် အနေအထား ရှိတယ်။ သူက အကုန်လုံးကို တရုတ်ရဲ့ Great Firewall ရဲ့ နည်းပညာကို ဝယ်သုံးလိုက်တာမျိုးပဲ။ တရုတ်ကလည်း ခြေရာလိုက်မယ်ဆို အဆုံးထိလိုက်တာဆို တော့လေ။ အဓိကကတော့ လူတိုင်းကို IMEI နံပါတ်နဲ့ မှတ်ပုံမတင်မှာစိုးလို့ အကုန်လုံး လုပ်သွားအောင် လုပ်တဲ့သဘောပဲ။ အခွန်မဆောင်ရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာမျိုး လူတွေက သွားမြင်နေချိန်မှာ တစ်ခါတည်း ယူလိုက်တဲ့သဘောပေါ့။

ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ဗဟိုက ပိုပြီး ထိန်းချုပ်ချင်တာပါ။ IMEI ရသွားရင် ပိုပြီး ခြေရာလိုက်လို့ ကောင်းတယ်လေ။ ဒီ Device နဲ့ ဘာတွေသုံးထားလဲဆိုတာမျိုးပေါ့။ သူတို့ရဲ့ Great Firewall ကနေ အင်တာနက်ဖြတ်တဲ့ အခါတိုင်းမှာ ဒီဆင်းကတ်နဲ့ သို့မဟုတ် ဝိုင်ဖိုင်နဲ့ပဲဖြစ်ဖြစ် ဒီ Great Firewall ကနေ IMEI နံပါတ်ကနေ ဘာသုံးတယ်ဆိုတာမျိုး ပေါ်မှာပါ။