မတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီ (ကယား) ပြည်နယ်၊ မယ်စဲ့မြို့နယ်က အကျဉ်းထိန်းသိမ်းရေးစခန်းတစ်ခု ယနေ့ (မတ်လ ၅ ရက်နေ့) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး (၄) ဦးအပါအဝင် (၅) ဦးသေဆုံးခဲ့ကြောင်း ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IEC ၏ အတည်ပြုပြောပြချက်အရ ကနဦးသိရသည်။
မယ်စဲ့မြို့နယ်ရှိ IEC အုပ်ချုပ်မှုအောက်မှ ထိန်းသိမ်းရေးစခန်းတစ်ခုကို စစ်အုပ်စုက လေကြောင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁) ဦးသေဆုံးခဲ့သည်ဟု IEC ၏ အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။
“လောလောဆယ်တော့ ငါးဦးသေဆုံးမှုရှိပါတယ်။ အမျိုးသမီး (၄) ဦးနဲ့ အမျိုးသား (၁) ဦးပါ” ဟု ဦးဗညားခွန်အောင်က ကေအိုင်စီသို့ အတည်ပြုပြောသည်။
သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်အချက်အလက်များအား ကေအိုင်စီက ဆက်လက်စုံ စမ်းနေဆဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်းလည်း ကရင်နီဒေသသတင်းအရင်းအမြစ်များမှ သိရသည်။

မယ်စဲ့မြို့နယ်ရှိ IEC စီမံအုပ်ချုပ်နေသည့် အကျဉ်းထောင်အမှတ် (၂) တွင် ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက်နေ့ကတင် စစ်သုံ့ပန်းအကျဉ်းသား (၈၀) ဝန်းကျင် ထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွားခဲ့သေးသည်။
ထိုစဉ်က ကရင်နီတော်လှန်ရေးတပ်ဖွဲ့များသည် ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားများကို လိုက်လံရှာဖွေဖမ်းဆီးခဲ့သည်။ သို့သော် ၎င်းတို့အနက် (၆၈) ဦးမှာ ထိုင်းနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်ပြီးနောက် ယင်းမှတစ်ဆင့် မြန်မာဘက်စစ်အုပ်စုသို့ ဇန်နဝါရီ (၂၆) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း နယ်စပ်ထိုင်း အာဏာပိုင်သတင်းအရင်းအမြစ်များက ဖော်ပြခဲ့သည်။
အဆိုပါကာလအတွင်း လွတ်မြောက်ခဲ့သည့်အကျဉ်းသားများ ဒေသတွင်းအန္တရာယ် ပြန်ပေးလာနိုင်သည့်အရေး ဒေသခံလူထုစိုးရိမ်ပူပန်၊ ဝေဖန်သံထွက်ပေါ်ခဲ့ပြီး တစ်လကျော်အကြာ ယခုလိုလေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။



















