ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံ ကန်ချနပူရီ၊ တာ့ခ်၊ မယ်ဟောင်ဆောင်နှင့် ချင်းရိုင် ခရိုင် (၄) ခုကို ကုန်စည်ထိန်းချုပ်နယ်မြေ သတ်မှတ်မည့် စည်းမျဉ်းလုပ်ထုံးမူကြမ်းကို ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်သော ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။
နယ်စပ်ဒေသမှ ထိုင်းကုန်စည်အချို့အား မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် အခြားနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအတွက် တရားမဝင် ရည်ရွယ်ချက်ဖြင့် အသုံးပြုခံရခြင်းမှ ကာကွယ်ထိန်းချုပ်ရန် ရည်ရွယ်ပြီး အဆိုပါ မူကြမ်းကို အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
မူကြမ်းအရ ကုန်စည်ထိန်းချုပ်နယ်မြေ သတ်မှတ်သည့် ခရိုင်များတွင် ထိုင်း-မြန်မာနယ်စပ်အပြင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ခရိုင် (၇) ခုနှင့် ထိုင်းနိုင်ငံ ရေပြင်ပိုင်နက်များလည်း ပါဝင်သည်။
မြန်မာဘက် သတ်မှတ်ခရိုင်များအရ ကန်ချနပူရီတွင် ဆန်ခလာပူရီမြို့နယ်၊ ချင်းရိုင်တွင် ချင်းဆဲန်၊ မယ်ဆိုင်၊ ချင်းခုန်းမြို့နယ်၊ တာ့ခ်ခရိုင်တွင် မဲဆောက်၊ မဲရမတ်၊ ဖုတ်ဖရ၊ ထာ့ဆောင်ယန်၊ အုန်းဖန်နှင့် မယ်ဟောင်ဆောင်ခရိုင်တွင် မောင်း၊ မယ့်ဆာရင်း၊ ခွန်ရုမ်း၊ ဆုတ်မွိုင်မြို့နယ်တို့ဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်တွင် ကြီးထွားလာသည့် ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းမှုနှင့် ပတ်သက်ပြီး ထိုင်းမှ မြန်မာသို့ ကုန်ပစ္စည်း (၁၁) မျိုး သယ်ယူပို့ဆောင်ခြင်းအား တားမြစ်ထိန်းချုပ်ထားခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက ယနေ့ထက်ထိ ထိုင်းနိုင်ငံဘက်က ကန့်သတ်ကုန်စစ်ဆေးခြင်းကို ပုံမှန်လုပ်ဆောင်နေသည်ဟု ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်သည့် လုပ်ငန်းများထံမှ သိရသည်။
“ကုန်ပစ္စည်းကတော့ သူတို့ကန့်သတ်ထားတဲ့ကုန်တွေတော့ ပေးမသွင်းဘူး၊ ဆန်တွေ ကြက်သွန်တွေဆိုတာ သုံး၊ လေးအိတ်တောင် သယ်လို့မရဘူး။ နောက်ပြီးတော့ ကွမ်းယာ၊ ဆေးလိပ်ပေါ့။ ကျန်တာတော့ သယ်လို့ရပါတယ်။ ဥပမာ-အဝတ်တွေဘာတွေဆို တံတားပေါ်က ကာစတန်မှာ ပိုက်ဆံပေးပြီးသယ်ရတယ်။ ကာစတန်မဆောင်ချင်ရင် အောက်ကဖြတ်ပေါ့” ဟု ထိုင်း-မြန်မာ ကုန်ပစ္စည်းပို့ဆောင်သူက ပြောသည်။
ကုန်စည်ထိန်းချုပ်မှု နယ်မြေသတ်မှတ်ချက်အပြီးတွင် ယခင်ထက်ပို၍ အစစ်အဆေး တင်းကျပ်ခြင်းနှင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အတွက် သက်ဆိုင်ရာ ထောက်ခံစာ တောင်းယူရမည့် အခြေအနေများ ရှိလာနိုင်ကြောင်းလည်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုနေကြသည်။
မြဝတီ-မဲဆောက် ကုန်သွယ်ရေးလမ်းကြောင်းတွင်မူ ယခုရက်ပိုင်း ထိုင်းပစ္စည်း မြန်မာဘက်တင်သွင်းရာ၌ ဖားအံ-မြဝတီ၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ စစ်အုပ်စု စစ်ဆေးရေးဂိတ်များက ဖမ်းဆီးသိမ်းဆည်းမှု ရှိနေသဖြင့် ထိုင်းကုန်စည်ပို့ဆောင်မှုအများစု ယာယီရပ်နားထားရသည်ဟု သိရသည်။



















