Home သတင်း သံလွင်မြစ်အတွင်း သဲနှင့် ကျောက်ထုတ်ယူမှု အဆမတန် မြင့်တက်နေသော်လည်း ဒေသခံများ တိုင်ကြားရန် ကြောက်ရွံ့နေ

သံလွင်မြစ်အတွင်း သဲနှင့် ကျောက်ထုတ်ယူမှု အဆမတန် မြင့်တက်နေသော်လည်း ဒေသခံများ တိုင်ကြားရန် ကြောက်ရွံ့နေ

546

ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်မြစ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ သဲ၊ ကျောက်ထုတ်လုပ်မှု အဆမတန်မြင့်တက်နေသော်လည်း ဒေသခံများသည် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားရန် ကြောက်ရွံ့နေကြကြောင်း သိရသည်။

ကျေးရွာအနီးနားရှိ သံလွင်မြစ်ထဲတွင် သဲ၊ ကျောက်များကို နေ့စဉ် အဆမတန် ထုတ်ယူနေပြီး အဆိုပါ ဆိုးကျိုးများကြောင့် မြစ်ကမ်းနားတွင် နေထိုင်သည့် ဒေသခံပြည်သူများ၏ လယ်၊ ခြံ၊ ကိုင်းမြေများ ကမ်းပြိုကျမှု တဖြည်းဖြည်းများလာသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ဒေသခံလူထုများအနေဖြင့် အဆိုပါ သဲ၊ ကျောက် ထုတ်ယူမှုလုပ်ငန်းကို ရပ်တန့်ပေးရန် လိုလားနေကြသော်လည်း အသက်အန္တရာယ်စိုးရိမ်ကြ၍ သက်ဆိုင်ရာ ပြည်နယ်ကောင်စီ တာဝန်ရှိသူများထံ ကန့်ကွက်တိုင်ကြားမှုများမလုပ်ရဲဘဲ နှုတ်ဆိတ်နေကြရသည်ဟု အမည်ဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဒီလုပ်ငန်းလုပ်လာတာ အဆမတန်ကို အရမ်းများလာတယ်။ အဲဒါကြောင့် မြေကမ်းပြိုမှုတွေလည်း အရမ်းများတယ်။ ဒီကျောက်ထုတ်လုပ်တာတွေက ရွာသူရွာသားတွေ မလိုလားပါဘူး။ သူတို့က စီးပွားရေးအရ လုပ်နေပေမဲ့ ကျနော်တို့အတွက် တော်တော်ထိခိုက်တယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

မြစ်အတွင်း သဲ၊ ကျောက်ထုတ်လုပ်သူအချို့သည် စစ်အုပ်စုနှင့်အတူ စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များက လုပ်ဆောင်နေသည့်အတွက် ၎င်းတို့၏ သဲ၊ ကျောက်ထုတ်လုပ်သည့် နေရာအနီးဝန်းကျင်တွင် မည်သူမျှ သွားလာခွင့်မရသည့်အပြင် ဖြတ်သွားသည့် စက်လှေများကိုလည်း ပစ်ခတ်ခြိမ်းခြောက်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

သံလွင်မြစ်အတွင်း ထုတ်ယူသည့် သဲ၊ ကျောက်များသည် ဖားအံမြို့နှင့် အနီးနားကျေးရွာများသို့ ရောင်းချနေသည်သာမကဘဲ အချို့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုတ္တမမြို့အထိ အဝယ်ဒိုင်များထံ တိုက်ရိုက်သွားရောက် တင်သွင်းရောင်းချနေကြသည်ဟု သိရသည်။

မြစ်အတွင်း နှစ်ရှည်လများ သဲ၊ ကျောက်ထုတ်လုပ်သည့်အတွက် အိမ်ခြေ ၇၀ ကျော်ရှိခဲ့သည့် မြစ်ကမ်းဘေးကျေးရွာတစ်ရွာဖြစ်သော ကော့ကျိုက်ကျေးရွာအုပ်စု၊ တရုတ်လှကျွန်းသည် လက်ရှိအချိန်တွင် ကျွန်းထက်ဝက်ကျော် ပြိုကျပြီး နေအိမ်အနည်းငယ်သာကျန်ရှိတော့သလို ကိုင်းမြေအများအပြားလည်း ပြိုကျပျက်စီးသွားပြီဟု ရွာသားများက ပြောသည်။

သံလွင်မြစ်အတွင်း အဆမတန် သဲ၊ ကျောက်ထုတ်နေမှုနှင့်ပတ်သက်၍ ကရင်မြစ် ချောင်းစောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးက “အရင်တုန်းက ဒေသခံတွေက ဒါကို အရေးယူပေးဖို့ ဝိုင်းပြီး စာတင်၊ တွန်းတွန်းတိုက်တိုက်လုပ်တယ်။ အခုက ပိုင်ရာဆိုင်ရာတွေနဲ့ပေါင်းပြီး လုပ်ကြတော့ လူထုတွေ ဘယ်ပြောရဲတော့မလဲ။ အသက်အန္တရာယ်တောင် ကြောက်ရတဲ့ အနေအထားတောင် ရှိလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ ကာလကတည်းက သံလွင်မြစ်အတွင်း အဆမတန် သဲနှင့် ကျောက်ထုတ်ယူမှုများအပေါ် ဒေသခံလူထုက ပြည်နယ်အစိုးရထံ အကြိမ်ကြိမ် ကန့်ကွက်စာတင်ခဲ့သော်လည်း ထိရောက်စွာ ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။