Home သတင်း ဘန်ကောက်အခြေစိုက် OKRSO ကရင်အဖွဲ့ ဗဟိုအလုပ်အမှု ဆောင်သစ် ပြန်လည်တင်မြှောက်ပြီးစီး

ဘန်ကောက်အခြေစိုက် OKRSO ကရင်အဖွဲ့ ဗဟိုအလုပ်အမှု ဆောင်သစ် ပြန်လည်တင်မြှောက်ပြီးစီး

551
Photo: OKRSO

ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ပြည်ပရောက် ကရင် ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) ၏ ဗဟိုအလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကိုဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည်။

အဆိုပါ အလုပ်အမှုဆောင် ရွေးချယ်ပွဲတွင် ဥက္ကဋ္ဌအဖြစ် စောသောင့်ထောင်း၊ ဒုဥက္ကဋ္ဌ (၁) စောခါးခါး၊ ဒုဥက္ကဋ္ဌ (၂) မန်းမျိုးမြင့်၊ အတွင်းရေးမှူး စောတူးတီး၊ ဒုအတွင်းရေးမှူး စောခက်စိုး၊ ဘဏ္ဍာရေးမှူး နန်းဟီ့လောင်အဲနှင့် ဒုဘဏ္ဍာရေးမှူး နန်းဘိုတို့ကို အသီးသီး ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ဥက္ကဋ္ဌ ဖြစ်လာသူ စောသောင့်ထောင်းက “ကိုယ့်လူမျိုးအတွက် ဘယ်လို လုပ်ဆောင်မှုတွေ ဆက်လုပ် သွားပေးနိုင်မလဲ၊ ရိုးရာယဉ်ကျေးမှုအပိုင်းက မကြာခင် လက်ချည်ပွဲရောက်တော့မယ်ဆိုတော့ ရန်ပုံငွေတွေရဖို့ ဘာတွေဆက်လုပ်သွားမလဲ၊ ပြီးရင် ပြည်တွင်းဘက်မှာလည်း ဘာတွေ ကူညီလုပ်ဆောင်ပေးသွားဖို့ရှိလဲ ဆိုတာတွေ စီစဉ်ရမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

OKRSO အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ကရင်လူငယ်များအတွက် ကရင်စာပေ၊ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းအပြင် ကရင်ရိုးရာအကများကိုလည်း ထိန်းသိမ်းမြှင့်တင်ပေးသည့် လုပ်ငန်းအစီအစဉ်များ လုပ်ဆောင်ပေးသည်။

ထို့အပြင် စည်းရုံးရေး၊ သတင်းနှင့်ပြန်ကြားရေး၊ လူမှုကယ်ဆယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားဆက်ဆံရေး စသည့် ဌာန ၇ ခုဖြင့် လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည်။ ဘန်ကောက်မြို့၌ ကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်များနှင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲများကိုလည်း နှစ်စဉ် ဦးဆောင်ကျင်းပလျက်ရှိသည်။

ဘန်ကောက်ရောက် ကရင်လူငယ်များ၏ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု ဖော်ထုတ်မြှင့် တင်ရန်အတွက် ရည်ရွယ်၍ OKRSO ကို ၁၉၉၂ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်မှုကို ၂ နှစ်တစ်ကြိမ် ကျင်းပသည်။