Home သတင်း ကျိုက်ထိုမြို့နယ်အတွင်း ခြေကုပ်ယူရန် ကြိုးပမ်းနေသည့် စစ်အုပ်စုတပ်ကြောင့် ဒေသခံများ နေရပ်မပြန်နိုင်

ကျိုက်ထိုမြို့နယ်အတွင်း ခြေကုပ်ယူရန် ကြိုးပမ်းနေသည့် စစ်အုပ်စုတပ်ကြောင့် ဒေသခံများ နေရပ်မပြန်နိုင်

478
Photo: KNU

ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ကျိုက်ထို(ဘီးလင်း)မြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့် နယ်မြေများကို ဖေဖော်ဝါရီလဆန်းရက်ကတည်းက ခြေကုပ်ယူရန် ဝင်ရောက်လာသည့် စစ်အုပ်စုတပ်ကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံများသည် ယနေ့အထိ နေအိမ်မပြန်နိုင်သေးကြောင်း သိရသည်။

ဖေဖော်ဝါရီ (၅) ရက်နေ့ကတည်းက အလူးကြီး၊ ရှမ်းစု၊ ဖိုးဝသိမ်၊ ညောင်ထောက်၊ ကရဝေးဆိပ်၊ ချမ်းမြေ့စု၊ ပိတောက်တော၊ သိမ်ဇရပ်နှင့် ခရွဲ စသည့် ကျေးရွာများတွင် စစ်ကြောင်းပြိုင်ထိုးလာသည့် စစ်အုပ်စုကြောင့် ဒေသခံ (၆,၀၀၀) ထက်မနည်း ယနေ့ထက်ထိ စစ်ရှောင်နေရခြင်းဖြစ်သည်။

တော်လှန်ရေးတပ်များ လှုပ်ရှားသွားလာသည့် နယ်မြေများပေါ် ခြေကုပ်ယူနိုင်ရန် စစ်အုပ်စုက ကြိုးပမ်းနေခြင်းဖြစ်ပြီး ဒေသခံစစ်ဘေးရှောင်များအတွက် နေအိမ်မပြန်နိုင်သည့်အပြင် အကူအညီရရှိရန်လည်း ခက်ခဲနေသည်ဟု ကျိုက်ထိုမြို့ခံ စစ်ရှောင်ကူအမျိုးသမီးက ပြောသည်။

“စစ်ရှောင်တွေ ဒုက္ခရောက်တာပေါ့၊ အိမ်လည်းမပြန်နိုင်၊ ကြာမယ်ဆိုတော့ သူတို့ရှောင်လာတဲ့ရွာတွေက အိမ်ပေးနေရတယ်။ အဲဒီလို လောလောဆယ် ပြောင်းနေကြတာလည်းရှိတယ်။ ခရွဲရွာအုပ်စုဘက်ဆို တော်တော်ဒုက္ခရောက်နေတယ် သူတို့ရွာလည်း ကြေနေပြီ။ စစ်ရှောင်တွေအတွက်တော့ တာလပတ်နဲ့ ရိက္ခာ အရေးပေါ်လိုနေတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ကျေးရွာ (၈) ရွာ၊ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ရှိပြီး လူဦးရေ (၅၀၀၀) ကျော်ရှိနေသည့် ခရွဲကျေးနယ်ဘက်တွင် လက်ရှိ စစ်အုပ်စု အထိုင်ချထားသည်။ ၎င်းတို့အသုံးပြုသည့် ဂျန်ပါ (Jammer) နှောင့်ယှက်ခံရမှုကြောင့် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ အဆက်အသွယ်မရ ဖြစ်နေ၍ စစ်ရှောင်များ အကူအညီရရှိမှု အလှမ်းပိုဝေးသွားကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ် ပြောပြချက်အရ သိရသည်။

နောက်ထပ် ကျိုက်ထိုဒေသခံ အမျိုးသားတစ်ဦးကလည်း “စစ်ရှောင်တွေက ပြန်လို့မရသေးဘူး။ သူတို့က သေနတ်ကိုင်ထားတယ်လေ စစ်ရှောင်တွေ ဘယ်သွားပြန်ရဲဦးမလဲ၊ စစ်ကြောင်းတောင် မထွက်သေးတာ။ တစ်နေ့ကတောင် တိုက်ပွဲဖြစ်သေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းဝင်နေသည့် ဖေဖော်ဝါရီ (၇) ရက်၊ (၉) ရက်နေ့တို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စု တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာများကို လှည့်လည်ကာ နေအိမ်မီးရှို့၊ ပစ္စည်းခိုးယူမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ စစ်အုပ်စုက လုပ်ဆောင်ခဲ့ကြောင်းလည်း ကေအဲန်ယူ၏ ဒူးသထူခရိုင်ဘက်က ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်နက်ကြီးကြောင့် ဒေသခံ (၃) ဦး သေဆုံးပြီး (၃) ဦး ကျည်စထိမှန် ဒဏ်ရာရသွားသည်ဟု ကေအဲန်ယူက ဆိုသည်။ ၎င်းအပြင် စစ်ကြောင်းထိုးဝင်လာခြင်းနှင့် တိုက်ပွဲအတွင်း ထိုရက်က အလူး၊ ငှက်ပျောတော၊ ခရွဲ၊ ဝင်းကံ ကျေးရွာအုပ်စုရှိ စုစုပေါင်း (၁၉) ရွာမှ စစ်ရှောင်ရသူ ဒေသခံ တစ်သောင်းကျော် မြင့်တက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။