Home သတင်း ဖန်းဖောင်ဒေးရှင်းမှ ကော်သူးလေ ကျောင်းသူ၊ ကျောင်းသား ၁၀၀ အတွက် ပညာသင်ဆုထောက်ပံ့မည်

ဖန်းဖောင်ဒေးရှင်းမှ ကော်သူးလေ ကျောင်းသူ၊ ကျောင်းသား ၁၀၀ အတွက် ပညာသင်ဆုထောက်ပံ့မည်

570

ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပညာသင်ယူရန်စိတ်အားထက်သန်မှုရှိပြီး အကူအညီလိုအပ်နေသည့် ကော်သူးလေဒေသရှိ ကျောင်းသူ၊ ကျောင်းသား အယောက် (၁၀၀)အတွက် လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် ဖန်းဖောင် ဒေးရှင်းမှ ပညာသင်ဆုထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

ကရင့်ပညာရေးကဏ္ဍကိုမြှင့်တင်ပေးရန်ရည်ရွယ်ပြီး ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD လက်အောက်ရှိ အထက်တန်းတက် ကျောင်းသူ၊ ကျောင်းသား (၃၅) ဦးနှင့်၊ Junior College တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသား (၆၅) ဦးကို ပညာသင်စရိတ် ထောက်ပံ့ကူညီသွားမည်ဟု ဖန်းဖောင်ဒေးရှင်းက ဆိုသည်။

“အဓိက ကရင်ပညာရေးကို မြှင့်တင်ပေးဖို့ဖြစ်တယ်။ ကိုယ့်လူမျိုးကို ပြန်ကူညီလိုစိတ်ရှိပြီး ပညာသင်ယူဖို့စိတ်အားထက်သန်မှုရှိပေမယ့် ငွေကြေးမတတ်နိုင်တဲ့သူတွေကို ကူညီဖို့အတွက် ရည်ရွယ်ထားတာဖြစ်တယ်” ဟု ဖန်းဖောင်ဒေးရှင်း၏ ဒါရိုက်တာ နမ့်ဇိုယာဖန်းက ကေအိုင်စီသို့ ပြောသည်။

မိဘမပြည့်စုံသူ၊ ပညာသင်ယူရန်ငွေကြေးမတတ်နိုင်သူ၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပညာကိုကြိုးစားသင်ယူလိုစိတ်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများသည် ပညာသင်ဆုလျှောက်ထားနိုင်မည်ဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက သတ်မှတ်သည်။

ထို့အပြင် ပညာသင်ဆုလျှောက်ထားရာတွင် လျှောက်ထားသူ၏ကျောင်းအောင်စာရင်းရမှတ် စာရွက်ပြရမည်ဖြစ်သလို ပညာရေးမှတ်တမ်း (သို့မဟုတ်) ကျောင်းအုပ်ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်းလည်း သတ်မှတ်ချက်ထားရှိသည်။

ပညာသင်ဆုလျှောက်လွှာများကိုမူ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD မှ စိစစ်ရွေး ချယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်နှင့်ခရိုင် KECD ပညာရေးဌာန တာဝန်ရှိသူများထံ လျှောက်လွှာတောင်းယူ၊ လျှောက်ထားနိုင်ကြောင်း KECD ၏ အဆင့်မြင့်ပညာရေးဗျူရိုမှ နော်ဖောမူးက ပြောသည်။

၎င်းက “အဆင့်မြင့်ပညာသင်ကြားဖို့အတွက် ပညာသင်ဆုလျှောက်မယ့် ပဒိုစာမေးပွဲ (ကော်သူးလေ အစိုးရစစ်) ၁၂ တန်းကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ စာမေးပွဲရလဒ်မရသေးပေမယ့်လည်း (၂) ကြိမ်တိုင်ဖြေခဲ့ပြီးပြီဆိုရင် အမှတ်စာရင်းစာရွက်တွေပြပြီးလျှောက်ထားလို့ရတယ်။” ဟု ပြောသည်။

ပညာသင်ဆုလျှောက်လွှာများကို လာမည့် ဧပြီလ (၂၇) ရက်နေ့ နောက်ဆုံးထားတင်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလဒုတိယအပတ်တွင် ရလဒ်များထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း KECD ဘက်ကဆိုသည်။

ဖန်းဖောင်ဒေးရှင်းကို ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့်ဇနီးနမ့်ရွှေကျင်တို့အား ဂုဏ်ပြုသည့် အနေဖြင့် ကျန်ရှိသည့်သားသမီးများက ၂၀၀၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဖန်းဖောင်ဒေးရှင်းသည် ပညာရေးမြှင့်တင်ခြင်းအပါအဝင် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ခြင်း၊ လူမှုဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုထိန်း သိမ်းမြှင့်တင်ခြင်းများအတွက် ထောက်ပံ့ကူညီပေးနေသည့်အပြင် အသက် (၃၅) နှစ်အောက် စွမ်းဆောင်ရည်ရှိ ကရင်လူငယ်များကိုရွေးချယ်ပြီး ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု အနေဖြင့်လည်း နှစ်စဉ်ပေးအပ်လေ့ရှိသည်။