Home သတင်း ဖားအံ-အိန္ဒုကိုဖြတ်၍ စစ်အုပ်စုယာဥ်တန်း အစီး ၃၀ ကျော် ကျုံဒိုး-ကော့ကရိတ်ဘက်သို့တက်

ဖားအံ-အိန္ဒုကိုဖြတ်၍ စစ်အုပ်စုယာဥ်တန်း အစီး ၃၀ ကျော် ကျုံဒိုး-ကော့ကရိတ်ဘက်သို့တက်

760
Photo: (ပုံဟောင်း-CJ)

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အိန္ဒုစံပြကျေးရွာကိုဖြတ်ပြီး ယနေ့(ဇန်နဝါရီ ၃၀ ရက်) နံနက်ပိုင်းက စစ်အုပ်စု မော်တော်ယာဥ်တန်းအစီး(၃၀) ကျော်သည် ကျုံဒိုး-ကော့ကရိတ်ဘက်ကို ထပ်တက်လာကြောင်း မျက်မြင်တွေ့လိုက်ရသည့် ဖားအံမြို့ခံများက ပြောသည်။

သံချပ်ကာကား(၃)စီးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင်များတင်ဆောင်လာသော ခြောက်ဘီး မော်တော်ယာဥ်တန်းသည် ယမန်နေ့(ဇန်နဝါရီ ၂၉)ရက်နေ့ကတည်းက ဖားအံမြို့မှ မော်တော်ယာဥ် ဖြင့် မိနစ်(၄၀)ဝန်းကျင် မောင်းသွားရသည့် အိန္ဒုရဲစခန်း၌ ညအိပ်ရပ်နားပြီးနောက် ယနေ့နံနက်ပိုင်းတွင် ကျုံဒိုး-ကော့ကရိတ်ဘက်ကို ဆက်တက်သွားသည်ဟု ဆိုသည်။

“သံချပ်ကာကား ၃ စီးပါတယ်၊ ကျန်တာခြောက်ဘီးကားသက်သက်ပဲ။ ဒီမနက် ၇ နာရီကျော် လောက်ကျတော့တက်သွားပြီး အတိုက်ခံရတယ်ထင်တယ်၊ အသံတွေ ကြားနေရတယ်။ နောက်မှ တက်လာတဲ့ကားတွေလည်းရှိသေးတယ်။ အခုလောက်ဆို ကျုံဒိုးအပေါ်ဘက်ခြမ်း နေရာတွေနားလောက်မှာ ရောက်လောက်တယ်” ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ နေ့လည်ပိုင်းတွင်လည်း ဖားအံဘက်မှ အိန္ဒုကိုဖြတ်၍ နောက်ထပ်စစ်ယာဥ်တန်းများ တက်လာ သည်။ ယာဥ်များပေါ်တွင်စစ်အုပ်စုတပ်ဖွဲ့ဝင်များအပြင် တာလပတ်စဖြင့်ဖုံးအုပ်ထားသည့် လက်နက်များ တင်ဆောင်သွားသည်ကိုလည်း တွေ့ရှိလိုက်ရကြောင်း ကိုယ်တိုင်မြင်ခဲ့ရသည့် ဈေးသွားဈေးလာဒေသခံတချို့က ဆိုသည်။

အိန္ဒုရွာသူက “ဒီမနက်တင် စစ်ကားတွေ ဖြတ်သွားတာနှစ်ခါလောက်ရှိတယ်။ တာလဘတ်နဲ့အုပ်သွားတာ။ သူတို့လူတွေအပြည့်ပဲ တချို့အလုံပိတ်ထားတဲ့ကားကျတော့ လူသေချာမမြင်ရဘူး။ သေနတ်တွေ ပေါ်နေတာ လည်းတွေ့ခဲ့တယ်။ ပြီးတော့ ဘေးမှာလည်း ဒိုင်းကာသဘောမျိုး သံချပ်တွေနဲ့ ကာထားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်အုပ်စုက ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းကိုအသုံးပြုပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ ဖားအံ-ကော့ကရိတ်မှ မြဝတီဘက်သို့ဦးတည်ကာ မော်တော် ယာဥ်များဖြင့်အင် အားဆက်တိုက်ဖြည့်နေခြင်းဖြစ်သည်။

မြဝတီမြို့ကို ဦးတည်ပြီး စစ်အုပ်စုအင်အားပြနေခြင်းသည် မြို့ကိုထိန်းချုပ်၍ မြဝတီတောင်ပိုင်းဒေသသို့ တိုက်ပွဲအကြီးအကျယ်လုပ်ဆောင်လိုခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း ကရင်စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူအချို့က သုံးသပ်သည်။