Home သတင်း စစ်အုပ်ချုပ်ရေးသက်တမ်းထပ်တိုးသည့် မြို့နယ်(၆၃)ခုတွင် ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးတို့ပါဝင်

စစ်အုပ်ချုပ်ရေးသက်တမ်းထပ်တိုးသည့် မြို့နယ်(၆၃)ခုတွင် ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးတို့ပါဝင်

562
Photo: Reuters

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်အုပ်စု၏ ယနေ့(ဇန်နဝါရီ ၂၉)ရက်နေ့စွဲဖြင့် စစ်အုပ်ချုပ်ရေးနှင့်အရေးပေါ်အခြေအနေ သက်တမ်း(၃)လ ထပ်တိုးကြေညာချက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်တို့ ဆက်လက်ပါဝင်လာသည်။

လက်နက်ကိုင်များကိုနှိမ်နင်းရန်နှင့် နယ်မြေငြိမ်းချမ်းရေးအတွက်ဆိုကာ စစ်အုပ်စုက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်(၃၁)ရက်ဖြင့် ကရင်အပါအဝင် တိုင်းနှင့်ပြည်နယ်ရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ်ကို စစ်အုပ်ချုပ်ရေး၊ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ယခုလိုရက်ပေါင်းကိုးဆယ် နောက်ထပ်သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။

၎င်းတွင် ကရင်ပြည်နယ်အနေဖြင့် ကေအဲန်ယူ တပ်မဟာ(၆)ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ဆက်လက်ပါဝင်ပြီး လတ်တလော ထိုနေရာများတွင် စစ်အုပ်စု အင်အားအများအပြား ဖြည့်တင်းနေကြောင်းလည်း နယ်မြေအခြေစိုက်တော်လှန်ရေးအင်အားစုထံမှ သိရသည်။

“၂၀ရက်နေ့လောက်ကတည်းက အင်အားတိုးနေတာ။ ၂၅ရက်နေ့လောက်ကလည်းထပ်တိုးတယ်။ သူတို့စိုးမိုးထားတဲ့နယ်မြေလောက်ပဲ၊ ကျနော်တို့ထိန်းချုပ်ထားတဲ့နေရာတွေတော့မရှိဘူး” ဟု ကြာအင်းဆိပ်ကြီးအခြေစိုက် တော်လှန်ရေးအင်အားစုမှတပ်ဖွဲ့ဝင်က ပြောသည်။

အာဏာသိမ်းခေါင်းဆောင် ယာယီသမ္မတမင်းအောင်လှိုင်၏ ကြေညာချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ စစ်အုပ်ချုပ်ရေးအာဏာကိုလွှဲအပ်ထားပြီး ၎င်းလက်အောက်မှ စစ်တိုင်းမှူးများက ထိုဒေသများတွင်တရားစီရင်မည်ဖြစ်သည်။

စစ်အုပ်စု၏စစ်အုပ်ချုပ်ရေးယန္တရားသည် ၂၀၂၁ ခုနှစ်တွင် မြို့နယ်(၈)ခုမှစတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မြို့နယ်ပေါင်း(၅၀)မြို့နယ်အထိ တိုးမြှင့်သွားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်တွင် မြို့နယ်(၆၁)ခုအထိထပ်တိုးခဲ့ပြီး လက်ရှိ ကရင်အပါအဝင် ကချင်၊ ကယား(ကရင်နီ)၊ ရှမ်း၊ ရခိုင်၊ ချင်းပြည်နယ်များနှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်(၆၃)မြို့နယ်ကို စစ်အုပ်ချုပ်ရေးကျင့်သုံးနေကြောင်း Data for Myanmar ၏ မှတ်တမ်းများအရ သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် ထိုဒေသပြည်သူများ၏ ရပိုင်ခွင့်များကို ပြင်းထန်စွာကန့်သတ်ခံရခြင်းဖြစ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။ ၎င်းအပြင် စစ်ဘက်ဆိုင်ရာကို လုပ်ပိုင်ခွင့်အာဏာ အဆမတန်ပေးအပ်ထားခြင်းကြောင့် စစ်ရာဇဝတ်မှုနှင့်ပဋိပက္ခများ ပိုတိုးလာနိုင်သည်ဟုလည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုထားသည်။