Home သတင်း ထိုင်းရဲ ပစ်ခတ်သူ၏ အဝတ်အစားနှင့် သေနတ်ကို တွေ့ရှိ၊ တရားခံဖမ်းမိရေး ပိုက်စိပ်တိုက်ရှာ ဖွေနေ

ထိုင်းရဲ ပစ်ခတ်သူ၏ အဝတ်အစားနှင့် သေနတ်ကို တွေ့ရှိ၊ တရားခံဖမ်းမိရေး ပိုက်စိပ်တိုက်ရှာ ဖွေနေ

453
Photo Credit to : Addy Chaiyadech FB

ဇန်နဝါရီ ၂၁ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက ထိုင်းရဲတပ်ဖွဲ့ဝင်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ၏ သေနတ်နှင့် အဝတ်အစားများကို ယနေ့နံနက်တွင် ကြံစိုက်ခင်းတစ်နေရာ၌ ထိုင်းအာဏာပိုင်အဖွဲ့က သိမ်းဆည်းရမိသည်ဟု ဒေသတွင်း ထိုင်းသတင်းများတွင် ရေးသားကြသည်။

မဲဆောက်မြို့၊ မယ်ကုရပ်ကွက်၊ တော့ဖောင်း အထည်ချုပ်စက်ရုံဘေးရှိ 7-Eleven စတိုးဆိုင်အနီးတွင် ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက ထိုင်းရဲတပ်ဖွဲ့ဝင်က စစ်ဆေးစဉ် သေနတ်ပစ်ခတ်ပြီး ထွက်ပြေး လွတ်မြောက်နေခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူအား ဖမ်းဆီး ရမိရေး အရေးပေါ်တပ်လှန့် ရှာဖွေနေကြောင်း ထိုင်းအာဏာပိုင်များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

အာဏာပိုင်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က “ညက မယ်ကုရပ်ကွက်ကို ရဲ၊ စစ်တပ်၊ ကျေးရွာလုံခြုံရေး၊ အုပ်ချုပ်ရေးအဖွဲ့တွေ လူတစ်ရာကျော် လမ်းတွေ ပိတ်ဆို့ပြီး ရှာနေတာ ။ အခုမနက်မှာ တော့ဖောင်းစက်ရုံ အနောက်ဘက်က ကြံစိုက်ခင်းထဲမှာ သေနတ်ပစ်သမားရဲ့ အင်္ကျီထုပ်နဲ့ သေနတ်ကို ရှာတွေ့သွားပြီ၊ လူကိုတော့ မမိသေးတော့ ဆက်ပြီးရှာနေတုန်းပဲ” ဟု ပြောသည်။

Photo Credit to : Addy Chaiyadech FB

ယမန်နေ့တွင် သေနတ်သမား ပစ်ခတ်၍ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး ကြောဘက် သေနတ်ထိမှန် ဒဏ်ရာဖြင့် မဲဆောက် ဆေးရုံကြီးတွင် တင်ပို့ထားရပြီး အထူးကြပ်မတ်ကုသဆောင်၌ ကျန်းမာရေးစောင့်ရှောက် ကုသမှု ခံယူနေကြောင်း ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

ယခု လက်ရှိ နေ့လည်ပိုင်းအချိန်အထိ ထိုင်း-မြန်မာ နယ်စပ် နေရာများဘက်သို့ ထိုင်းအာဏာပိုင် အဖွဲ့ အစည်းများမှ ထိုင်းနယ်ခြားစောင့်တပ်၊ ရဲမှုခင်းတပ်ဖွဲ့၊ ဒရုန်းတပ်ဖွဲ့နှင့် အနံ့ခံမှုခင်းရှာဖွေရေး ခွေးတပ်ဖွဲ့ဝင်များ အသုံးပြုပြီး ကျေးရွာ၊ ရပ်ကွက်၊ လမ်းမများနှင့် စိုက်ခင်းနေရာများအား ပိုက်စိပ်တိုက် ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ထိုသို့ သေနတ်ပစ်ခတ် ထွက်ပြေးသူကို ဖမ်းမမိသေးသည့်အတွက် မဲဆောက်ဒေသအာဏာပိုင် အဖွဲ့အစည်းများက ရပ်ကွက်၊ ကျေးရွာနေထိုင်သူများအနေဖြင့် မသင်္ကာမှုများတွေ့ရှိပါက သတင်းပေးကြရန် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည်။