ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်း ဝင်ရောက်လာပြီး ထိုင်းအာဏာပိုင်များထံ လက်နက်ချ အဖမ်းခံလာသည့် ကရင်နီ၊ မယ်စဲ့အကျဉ်းထောင်မှ အကျဉ်းသား စုစုပေါင်း (၃၀) ကျော်ရှိပြီဖြစ်ကြောင်း နယ်စပ်အရေးအလေးပေး တင်ဆက်နေသည့် ထိုင်းသတင်းဌာနများက ဖော်ပြသည်။
Thai PBS မီဒီယာက ယနေ့ (ဇန်နဝါရီ ၂၀) ရက်နေ့ တင်လာသည့် သတင်းတွင် ကရင်နီပြည်နယ်ရှိ အကျဉ်းထောင်မှ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်နေမှုကြောင့် မြန်မာနှင့် နီးကပ်သည့် မယ်ဟောင်ဆောင် နယ်စပ်ကို ထိုင်းအာဏာပိုင်များက ၂၄ နာရီပတ်လုံး စောင့်ကြည့်နေချိန်၌ အကျဉ်းသားများကို တွေ့ရှိခဲ့ပြီး လက်ရှိ လူဦးရေ (၃၀) ကျော်ရှိပြီဟု ဆိုသည်။
ယမန်နေ့ကလည်း စစ်အုပ်စုအဖွဲ့ဝင် အရာရှိအဆင့်ရှိသူတစ်ဦး ထိုင်းနိုင်ငံဘက် ရောက်ရှိလာသဖြင့် ခွန်ယွမ်းမြို့နယ်ရှိ ပရာတူးမောင်း ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ထို့အပြင် နောက်ထပ် လွှဲပြောင်းရန် ကျန်နေသူများလည်း ရှိနေသည်ဟု မီဒီယာများမှ သိရသည်။
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားပြီး အမှတ် (၂) အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် အကျဉ်းသား (၈၀) ဝန်းကျင်သည် လက်နက်နှင့်တကွ ဇန်နဝါရီလ (၁၈) ရက် နေ့က ထွက်ပြေးလွတ်မြောက်သွားသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC ပြန်ကြားရေးဘက်က ထုတ်ပြန်ခဲ့သည်။
လွတ်မြောက်နေသူများကို ကရင်နီရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးနေကြောင်းလည်း IEC က ဆိုသည်။



















