Home သတင်း ကော့ကရိတ်မြို့နယ် ရွေးကောက်ပွဲ အာဏာသိမ်းစစ်တပ် ဒုတိုင်းမှူးကိုယ်တိုင် ကြီးကြပ်မည်

ကော့ကရိတ်မြို့နယ် ရွေးကောက်ပွဲ အာဏာသိမ်းစစ်တပ် ဒုတိုင်းမှူးကိုယ်တိုင် ကြီးကြပ်မည်

451
Photo: Social Media

ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်းအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်တွင် စစ်အုပ်စု၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ကိုယ်တိုင် ကြီးကြပ်မည်ဖြစ်ကြောင်း တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၀ ရက်နေ့) တွင် (ရတခ) ဒုတိုင်းမှူး လိုက်ပါလာသော စစ်အုပ်စုအင်အား (၂၀၀) ဝန်းကျင်ပါရှိသည့် စစ်သုံးမော်တော်ယာဉ်တန်းသည် ကျုံဒိုးမြို့မှ တဆင့် ကော့ကရိတ်မြို့သို့ ရောက်ရှိလာသည်ဟု စစ်အုပ်စု အဝင်အထွက်ကို စောင့်ကြည့်နေသော ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရက်ပိုင်းအတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲကို ၎င်းကိုယ်တိုင် ကြီးကြပ်မည်ဖြစ်သလို စစ်အုပ်စု တပ်မ-၂၂၊ ၄၄ လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲများကိုလည်း ကော့ကရိတ်မြို့နယ်အတွင်း မဲရုံထောင်မည့် နေရာများအနှံ့ အင်အားဖြန့် တပ်စွဲရန် စေခိုင်းထားကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

“ဒီနေ့မနက် ကော့ကရိတ်ဘက်ကို ဒုတိုင်းမှူး လမ်းကြောင်းသွားတယ်။ မဲရုံနေရာတွေမှာ တပ်မ-၄၄ ကို လိုက်ပြီး နေရာချနေတယ်။ ကျုံဒိုးက စာသင်ကျောင်းတွေမှာတော့ တပ်မ-၂၂ က နေရာယူထားတယ်။ ရေပူ၊ ချောင်းဝဘက်အထိ စစ်ကြောင်းတိုးချထားတယ်” ဟု အမည်မဖော်လိုသူ စစ်အုပ်စုနှင့် နီးစပ်သည့် ကျုံဒိုးမြို့ခံက ပြောသည်။

၎င်းအပြင် (ရတခ) ဒုတိုင်းမှူးနှင့် တပ်ဖွဲ့များ ရောက်ရှိသွားပြီးနောက် မြို့ပေါ်ရှိ မဲရုံများ တိုက်ခိုက်မခံရရေးအတွက် ကျေးရွာ လမ်းပိုင်းများအပါအဝင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများပါ မချန် စစ်ဆေးရေး တင်းကြပ်ထားပြီး ကင်းပုန်းချထားမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ကော့ဘိန်း တိုက်နယ် ကျေးရွာများဘက်အထိပါ စစ်ကြောင်း ဖြန့်ကျက်လာခြင်းနှင့် ဂျိုင်းမြစ်၊ ဟောင်သရောမြစ် တစ်ဘက်ကမ်း ကျေးရွာများတွင်လည်း မဲရုံထောင်နိုင်ရန် စစ်ကြောင်းထိုး နေသည်ဟု ဒူးပလာယာ ခရိုင်အတွင်း စစ်ရေးလှုပ်ရှားသည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် -KNLA သတင်းအရင်းအမြစ်တို့က ဆိုသည်။

Photo: Social Media

တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “စစ်တပ်က မွန်ဘက်အခြမ်းကနေ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာဘက်လည်း မဲရုံလုပ်မယ်။ ဒီဘက်ကမ်း နီ၊ သရက်တော၊ ညောင်ရိပ်သာဘက်လည်း မဲရုံလုပ်ဖို့ ပြင်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ အင်အားတိုးမြှင့် နေရာယူလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး ရပ်ရွာလူထု၏ အသက်အိုးအိမ် လုံခြုံရေး ထိခိုက်မည်ကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲကို (ရတခ) ဒုတိုင်းမှူး ကိုယ်တိုင် ကြီးကြပ်မည့် သတင်းနှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က ထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရှိရပါ။ သို့ရာတွင် စစ်မှုထမ်း သင်တန်း အပတ်စဉ် (၂၁) အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅) ရက်နေ့က (ရတခ) ဒုတိုင်းမှူး ဖားအံမြို့သို့ ရောက်ရှိနေကြောင်း စစ်အုပ်စု ထိန်းချုပ်သည့် နိုင်ငံပိုင်မီဒီယာက ဖော်ပြသွားသည်။

တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ကျုံဒိုးဒေသတွင်း သတင်းအရင်းအမြစ်အရ ဒုတိုင်းမှူးနှင့် အဖွဲ့ ကျုံဒိုးမြို့တွင် ရှိနေစဉ် ဇန်နဝါရီ (၁၈) ရက်နေ့ကလည်း ရွေးကောက်ပွဲ အောင်မြင်ရေး ရသေ့ကျောင်း၌ ယတြာချေခြင်းနှင့် ကန်တော့ပွဲထိုးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထို့အတူ ကျုံဒိုးမြို့နယ် လုံးကျွတ် မီးပုံပွဲတော်၊ မီးပုံတိုင်ထူမည့်ရက်သည် ရွေးကောက်ပွဲ လုပ်မည့်ရက်နှင့် တိုက်ဆိုင်နေသဖြင့် စစ်အုပ်စုက ပွဲအခမ်းအနားအား ကျင်းပခွင့် မပြုဘဲ ရက်ရွှေ့ဆိုင်းရန် စေခိုင်းထားကြောင်းလည်း ပွဲကျင်းပလိုသူ မြို့ခံတို့က ဆိုသည်။