ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်၊ ကျုံဒိုးနှင့် ဝင်းရေးစသည့် မြို့နယ် အသီးသီးတို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ဆောင်ပုဒ်နှင့်အတူ ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်သည့် အစိုးရအလိုမရှိ၊ စစ်အာဏာရှင်စနစ်နှင့် မဟာ လူမျိုးကြီးဝါဒအလိုမရှိ၊ လူမျိုးပေါင်းစုံ ညီညွတ်မှုတည်ဆောက်ရေး၊ ကော်သူးလေအစိုးရ တည်ဆောက်ရေး စသည်တို့ကို နယ်မြေခံပြည်သူများက ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ကရင်လူငယ်အစည်းရုံး-KYO တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်က “ကျနော်တို့ လူထုလှုပ်ရှားမှု လုပ်တယ်။ ကျနော်တို့ သဘောထားဆန္ဒကို လူတွေအားလုံးနဲ့ နိုင်ငံတကာကို သိစေချင်တယ်။ ဒီရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းတာဖြစ်လို့ လက်မခံတာကို ဆန္ဒထုတ်ဖော်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း ၃ ကို လာမည့် ဇန်နဝါရီလ ၂၅ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ ကရင်ပြည်နယ်တွင် စစ်အုပ်စု ထိန်းချုပ်ထားသည့် မြို့ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ပြည်သူက ဆန္ဒမပါဘဲ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုကြားမှ မဲထည့်နေရခြင်းဖြစ်ကြောင်း ဆန္ဒမဲသွားထည့်ခဲ့ရသူ အများစုက ပြောဆိုကြသည်။

“ကျမတို့က ပထမပိုင်းတုန်းက မဲသွားထည့်ပြီးပြီ။ စကစတွေ ကိုယ်တိုင်က ဖိအားလာပေးတာ မဟုတ်ပေမယ့် ရွာမှာရှိတဲ့ သူတို့စာရေးတွေက ဖိအားပေးတယ်။ သွားမပေးရင် နာမည်တပ်ပြီး ခေါ်တယ်။ အဲဒါကြောင့် လူတိုင်းက ဆန္ဒမပါဘဲ မဲသွားထည့်လိုက်ရတာ” ဟု ဖားအံမြို့နယ် ဇွဲကပင်တောင်ခြေ ကျေးရွာနေ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် စစ်အုပ်စု ခွင့်ပြုထားသည့် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်များသာ ဝင်ရောက်မဲအရွေးခံနိုင်ပြီး ၎င်းထိန်းချုပ်နိုင်သည့် မြို့ပေါ်နှင့် ကျေးရွာအချို့တွင်သာ ကျင်းပနိုင်သည်ဟု လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
ထို့အပြင် ဖားအံမြို့နယ်အပါအဝင် လှိုင်းဘွဲ၊ ပိုင်ကျုံရှိ ကျေးရွာများတွင် ရွေးကောက်ပွဲအကြောင်းပြပြီး စစ်အုပ်စု စစ်ကြောင်းဝင်လာခြင်း၊ လက်နက်ကိုင်၍ လုံခြုံရေးလုပ်ပေးခြင်းတို့လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကေအဲန်ယူ နယ်မြေများတွင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ပွဲများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ယခင်နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း KYO ဦးဆောင်မှုဖြင့် မူတြော်နှင့် ဒူးသထူခရိုင်တို့တွင် ပြည်သူထောင်နှင့်ချီ ပူးပေါင်းပါဝင်ပြီး အလားတူ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြသည်။



















