ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်ရှိ စစ်အုပ်စုတပ်ဖွဲ့ လှုပ်ရှားရာ ကမမောင်းမြို့တွင် နယ်ခြားစောင့်တပ်-BGF အကူအညီဖြင့် ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့က ရွေးကောက်ပွဲပြုလုပ်ပြီးခဲ့ကြောင်း ဒေသခံတချို့နှင့် ကေအဲန်ယူတပ်မဟာ(၅)ပြောခွင့်သူထံမှ သိရသည်။
စစ်အုပ်စုဘက်ကကြေညာချက်အရ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဒုတိယပိုင်းရွေး ကောက်ပွဲပြုလုပ်ရန်ဖြစ်သော်လည်း စစ်အုပ်စုနှင့် BGF အသိုင်းအဝိုင်းသာရှိသည့် ကမမောင်းမြို့ပေါ် ရပ်ကွက် တချို့တွင်သာ မဲရုံထောင်နိုင်ခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၅)ပြောခွင့်ရ စောကလယ်ဒို့က ဆိုသည်။
“ကမမောင်းမြို့တွင်းပဲ။ ဒီပတ်ဝန်းကျင်မှာတော့ သူတို့မလုပ်ဖြစ်ဘူး။ လုံခြုံရေးယူတာကျတော့ ရှိထားတဲ့ စကစတပ်တွေယူပေးတယ်။ နောက်ပြီး အဲဒီမှာရှိတဲ့ KNA ကိုမပြောင်းသေးဘဲ BGF အနေနဲ့ဆက်ပြီးရှိ နေတဲ့တပ်ဖွဲ့ဝင်တွေက အဲဒီလုံခြုံရေးယူတဲ့နေရာမှာပါတယ်။” ဟု ကေအဲန်ယူ ပြောခွင့်ရသူက ဆိုသည်။
စစ်ရေးကြောင့် နယ်မြေလုံခြုံရေးကင်းမဲ့နေသည့် ကမမောင်းမြို့နှင့်နီးစပ်ရာ ကျေးရွာတချို့တို့တွင် စစ်အုပ်စုနှင့် BGF အထိုင်ချထားပြီး သာမန်ပြည်သူအများစုမရှိသော်လည်း ရွေးကောက်ပွဲရက်က ပြည်သူများ အေးချမ်းစွာမဲလာထည့်ကြသည်ဟု စစ်အုပ်စုထိန်းချုပ်သော နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
မဲရုံအခြေအနေစောင့်ကြည့်သူမြို့ခံတချို့ကမူ ယမန်နေ့က တစ်နေကုန် မဲလာပေးသူအများအပြားမရှိကြောင်းနှင့် စစ်အုပ်စုရှိနေသည့်ကျေးရွာတချို့တွင်မူ ဖိအားကြောင့်မဲပေးရနိုင်သည်ဟု ဆိုသည်။

“ကမမောင်းဆိုတာ စကစရဲ့တစ်ခုတည်းသော တပ်စွဲအထိုင်မြို့လေ။ အဲဒီကရပ်ကွက် ၂ ခု၊ ၃ခုလောက်ရယ် စကစအထိုင်ချထားတဲ့ ဝါးဒူးနဲ့တုတ်ကြီးရွာမှာပဲ ဖိအားရှိတော့မဲသွားထည့်မှာ။” ဟု မူတြော်ခရိုင်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဖာပွန်မြို့နယ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စစ်အုပ်စုဝါဒဖြန့်လူမှုကွန်ရက်များတွင် ကမမောင်းမြို့မဲ ပေးပုံရိပ်များကို ဖြန့်ဝေနေသည်။ ထိုအထဲမှတစ်ခုတွင် လက်နက်ကိုင်ဆောင်၍ မဲလာပေးသည့် BGF အရာရှိတစ်ဦးအား ဒေသသတင်းမီဒီယာတစ်ခုက ထောက်ပြသည်။
ရွေးကောက်ပွဲကော်မရှင်က မဲရုံအတွင်းဝင်ရောက်မည့်သူများကို မိုဘိုင်းဖုန်းမှအစ စာရေးကိရိယာအထိ မည်သည့်ပစ္စည်းမှ ကိုင်ဆောင်ခွင့်ပြုမထားသော်လည်း ထိုသို့လက်နက်ဆောင်သွားသည့်အပေါ် ဥပဒေမဲ့၊ လက်နက်နှင့်ခြိမ်းခြောက်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူများမှ ဝေဖန်ပြောဆိုကြသည်။
ဒုတိယပိုင်း အတုအယောင်ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့်ဖာပွန်မြို့နယ်တို့ကို ထည့်သွင်းထားပြီး ယနေ့ထက်ထိမဲအနိုင်ရလဒ်ကို တရားဝင်မကြေညာသေးသော်လည်း ဝင်ရောက်ယှဥ်ပြိုင်သည့် ပါတီနိုင်ငံရေးအသိုင်းအဝိုင်းကမူ ဖာပွန်မဲဆန္ဒနယ်၏ လွှတ်တော်(၃)နေရာလုံးတွင် စစ်တပ်ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး-USDP က အနိုင်ရသွားသည်ဟု ဆိုသည်။
အလားတူ ပထမပိုင်းကလည်း ဖားအံ၊ သံတောင်ကြီးနှင့် မြဝတီမဲဆန္ဒနယ်တို့၌ ကရင်ပါတီ(၂)ခု USDP နှင့်အပြိုင် ယှဥ်ပြိုင်ခဲ့ပြီး USDP ကသာ မဲအသာစီးရသွားခဲ့သည်။



















