Home သတင်း ထိုင်း-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ KTLA ခေါင်းဆောင်ပြောဆိုချက် လက်တွေ့နှင့်ကွဲလွဲကြောင်း KNLA တပ်မှူးပြော

ထိုင်း-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ KTLA ခေါင်းဆောင်ပြောဆိုချက် လက်တွေ့နှင့်ကွဲလွဲကြောင်း KNLA တပ်မှူးပြော

627

ဩဂုတ် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာ့မုတ္တမပင်လယ်ပြင်မှတဆင့် တနင်္သာရီ-ကန်ချနဘူရီနယ်စပ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့ သွယ်တန်း ရယူထားသော ဓာတ်ငွေ့ပိုက်လိုင်းကို ကော်သူးလေအာမီ (KTLA)က ထိန်းချုပ်ထားနိုင်ကြောင်းအဖွဲ့ခေါင်းဆောင် စောနယ်ဒါးမြ၏ ပြောဆိုချက်မှာ လက်တွေ့နှင့်ကွဲလွဲနေသည်ဟု မြေပြင်ရှိ KNU သတင်းအရင်းအမြစ်က ပြောသည်။

ထိုင်းအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ကုန်သွယ်ရေးလုပ်ငန်း – PTTEP ကုမ္ပဏီမှ လုပ်ကိုင်နေသည့် မြန်မာမှထိုင်းအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ကီလိုမီတာ ၄၀ ကို ကော်သူးလေအာမီ (KTLA) က ပိုင်ဆိုင် ထားပြီးဖြစ်ကြောင်း စောနယ်ဒါးမြ၏ ပြောဆိုချက်ကို ဘန်ကောက်ပို့စ် သတင်းစာက ဩဂုတ်လ ၉ ရက်နေ့တွင် ဖော်ပြလာခြင်းဖြစ်သည်။

တပ်မဟာ (၆) KNLA၊ တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက “ကျနော်တို့ ဒီမှာ လာရောက်အခြေချနေထိုင်ကတည်းက အခြေအနေကို ကြည့်ရင် သူတို့ (KTLA) ခြိမ်းခြောက်ပြောဆိုမှုတွေက မြေပြင်အနေအထားနဲ့ ကိုက်ညီမှုမရှိပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၌ ဒေါ်လာသန်းရာနှင့်ချီ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် PTTEP ကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်းများမှာ ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှတဆင့် ထိုင်းနိုင်ငံထဲသို့ ဆက်သွားခြင်းဖြစ်သည်။

KTLA က မြဝတီ (ဝေါလေ) ဒေသနှင့် မြိတ်-ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားသော်လည်း ပြီးခဲ့သည့် ဇူလိုင် လအထိ KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ထားဝယ်ခရိုင် ထိုင်း-မြန်မာနယ်စပ်တစ်ကြောရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ဓာတ်ငွေ့တင်ပို့နေသည့် နတ်အိမ်တောင်ရှိ စစ်ကောင်စီစခန်း တစ်ခုသာ သိမ်းရန်ကျန်သည်။

KNLA အနေဖြင့် ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်မှာ လက်ရှိ တပ်ထိုင်လှုပ်ရှားနေပြီး KTLA ၏ ခြိမ်းခြောက်သလို ပြောဆိုချက်နှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားရန်မလိုကြောင်း ပိုက်လိုင်းရှိနေသည့် KNLA တပ်ရင်း (၂၇)၊ တပ်ရင်း (၁၀) နယ်မြေဘက်က သတင်းအရင်းအမြစ်က ဆိုသည်။

“ကျနော်တို့ ဒီပိုက်လိုင်းအပေါ်မှာ ထိုင်နေပါတယ်။ လုပ်စရာရှိတာကို လုပ်နေပါတယ်။ အဲဒါကြောင့် ဘာအလုပ်မှ လာမလုပ်တဲ့သူတစ်ယောက်က ဒီလိုပြောဆိုမှု၊ ဒီလိုခြိမ်းခြောက်မှုတွေလုပ်ဆောင်တဲ့အပေါ်မှာတော့ ကျနော် အနေနဲ့လည်း မတွက်ဆတော့ဘူး”ဟု တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက ဆက်ပြောသည်။

PTTEP သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ပူးပေါင်းကာ အမေရိကန်ဒေါ်လာ ၇၂ သန်းခန့် တန်ဖိုးရှိသည့် “ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း၊ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း” များကို ပူးတွဲဆောင်ရွက်ရန် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် သဘောတူ လက်မှတ်ထိုးခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ဘန်ကောက်ပို့စ် သတင်းဖော်ပြချက်အရ KTLA ခေါင်းဆောင် စောနယ်ဒါးမြက သဘာဝဓာတ်ငွေ့ကုန်သွယ်မှုဖြင့် စစ်အုပ်စုအကျိုးဖြစ်ထွန်းနေသည့် အဆိုပါ ပိုက်လိုင်းများ ပိတ်သိမ်း၊ ဖျက်ဆီးရန် စဉ်းစားနေသည်ဟု ဆိုသည်။ နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၏အကျိုးစီးပွားသက်ရောက်မှုရှိမည်ကိုလည်း စိုးရိမ်နေရကြောင်း လည်း သတင်းက ဖော်ပြသည်။

ထားဝယ်ခရိုင် ထိုင်းနယ်စပ်ကို အဓိကထိန်းချုပ်ထားသည့် KNU-ကရင်အမျိုးသာားအစည်းအရုံး ပြောခွင့်ရ ပဒိုစောတောနီးကမူ KTLA က ကေအဲန်ယူနှင့် မသက်ဆိုင်သလို ကေအဲန်ယူအနေဖြင့် ထိုင်းနှင့် ထိုင်းပြည်သူများအကြား ဆက်ဆံရေး ထိန်းသိမ်းရန် ပြတ်သားသောမူဝါဒရှိ၍ ပြဿနာမဖြစ်နိုင်ဟု ထိုင်းမီဒီယာတစ်ခုသို့ ဩဂုတ်လ ၁၀ ရက်နေ့က ဖြေဆိုထားသည်။

ယခုပိုက်လိုင်းကိစ္စနှင့်စပ်လျဉ်း၍ ကေအိုင်စီမှ KTLA ခေါင်းဆောင် စောနယ်ဒါးမြအား ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပေ။

သို့သော် KKLE News YouTube ချန်နယ်နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် KTLA ခေါင်းဆောင်က “ထိုင်းက ကျနော့်ကို မေးတယ်။ အဲဒီနေရာတွေမှာ ခင်ဗျားတို့လူတွေရှိသလား၊ ကျနော်တို့လူတွေရှိတယ်လို့ ပြန်ပြောတယ်။ အဲဒီမှာ သူးခို (ဗိုလ်) အယ်ဖိုး (KTLA) လူတွေရှိတယ်။ အယ်ဖိုးလူတွေ အဲဒီမှာ သွားရောက်လှုပ်ရှားနေပါတယ်။ အဲဒီမှာ နယ်စပ်ကီလိုမီတာ ၄၀ လောက်ရှိတယ်လို့ သူးခိုအယ်ဖိုးက ကျနော့်ကို ပြောတယ်။ ပုံနဲ့တကွ သူပြပါတယ်။ PTT ကုမ္ပဏီရှိတယ်။ ကျနော်တို့ လူတွေရဲ့ လှုပ်ရှားနယ်မြေထဲမှာ အားလုံးရှိတဲ့အတွက် ကျနော်တို့ ထိန်းချုပ်လို့ ရပြီလို့ ပြောရမှာပဲ” ဟု ပြောဆိုထားသည်။

KNU အဖွဲ့အစည်းမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်ချုပ်စောနယ်ဒါးမြက ကော်သူးလေအာမီ (KTLA) ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။