Home သတင်း ကျွန်းစု ပဲ့တိုင်ရွာမှ ပျုစခန်းကို PDF ဝင်တိုက် လက်နက်ကြီးကြောင့် ပြန်ဆုတ်ခဲ့ရ

ကျွန်းစု ပဲ့တိုင်ရွာမှ ပျုစခန်းကို PDF ဝင်တိုက် လက်နက်ကြီးကြောင့် ပြန်ဆုတ်ခဲ့ရ

587
Photo- ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဩဂုတ် ၁၄ ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းတစ်ခုကို ကျွန်းစု ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များက ဩဂုတ် ၁၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ကြီး ပစ်ကူကြောင့် တပ် ပြန်ဆုတ်ခဲ့ရသည်ဟု တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ငမန်းက ပြောသည်။

ကျွန်းစု၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ရွာ ပျူစောထီးစခန်း၌ အင်အား ၂၀ ခန့်ဖြင့်တပ်စွဲ ထားခြင်း ဖြစ်ပြီး ကျွန်းစု PDF တပ်ဖွဲ့ဝင်များက ဩဂုတ် ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း ပြန်ဆုတ် ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ရဲဘော်ငမန်းက ယခုလို ပြောသည်။

“ပျူစောထီးစခန်းမှာက အင်အားက ၂၀ ကျော်အထိ ရှိပါတယ်။ ပျူတွေက ဘန်ကာထဲကနေ နေရာယူထားတာ ဆိုတော့ တိုက်ခိုက်ရတာ ခက်ခဲတာရယ်။ သင်္ဘောပေါ်ကလည်း ပစ်ကူအား ကောင်းတာရယ်ကြောင့် ပြန်ဆုတ် ခဲ့ရတာပါ။ လက်နက်ကြီးပစ်ကူကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။ တိုက်ပွဲအတွင်း စစ်တပ်က စစ်သင်္ဘောပေါ်မှ လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့သလို အများပြည်သူများအနေဖြင့် တိုက်ပွဲ ဖြစ်ပွားပါက သတိဖြင့် သွားလာ ရှောင်ရှားနေထိုင်ရန်နှင့် စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် ဝေးဝေးနေရန် တော်လှန် ရေးတပ်ဖွဲ့ဝင်များက တိုက်တွန်း ပြောဆိုသည်။