Home သတင်း ရေဖြူ ကော့လှိုင်ရွာအနီးတွင် စစ်တပ်စစ်ကြောင်းနှင့် MSRF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

ရေဖြူ ကော့လှိုင်ရွာအနီးတွင် စစ်တပ်စစ်ကြောင်းနှင့် MSRF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

985
Photo-MSRF

ဩဂုတ် ၁၄ ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြိူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်နှင့် မွန်ပြည်တော်လှန်ရေးတပ်အပါဝင် ပူးပေါင်းတပ်များ ဩဂုတ် ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု MSRF က ပြောသည်။

အင်အား ၁၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့ က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် တပ်သား ၁၄ ဦး သေဆုံးပြီး ၁၅ ဦးထက် မနည်း ဒဏ်ရာရရှိသွားသည်ဟု MSRF ပြောခွင့်ရ မိတလညဏ်က ပြောသည်။

“စစ်ကြောင်းကို ကျမတို့ စပြီးတိုက်ခိုက်တဲ့အချိန်မှာတော့ ဖရိုဖရဲ ဖြစ်သွားတယ်။ ဒါပေမဲ့ အနီးအနား ဝန်းကျင်မှာ တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတုန်းပါဘဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဩဂုတ် ၁၃ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွား နေချိန်အတွင်း စစ်‌တပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခက်မှု ကြောင့် အရပ်သား ပြည်သူ့ (၁)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၆)၊ တပ်ရင်း (၂၇) ၊ ရာမည မွန်တပ်‌‌တော် (R.M.A)၊ ဒေါန စစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့နှင့် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။