ဇူလိုင် ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ သင်္ကြန်ကာလအတွင်းက လက်လွတ်ခဲ့ရသည့် ကျုံဒိုး-ကော့ကရိတ် အာရှလမ်း ပိုင်းကို လာမည့် ဩဂုတ်လအတွင်း အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ လမ်းပိုင်းကို ပြန်စိုးမိုးရေး ထိုးစစ်ဆင်ရန်အတွက် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)နှင့် ဖားအံမြို့ အခြေစိုက် တပ်မ (၂၂) လက်အောက်ခံတပ်ရင်းများသို့ ရောက်ရှိလာသည့် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များနှင့် လက်နက်ခဲယမ်းများကို ကျုံဒိုးဘက်သို့ နေစဉ်နီးပါး ပို့ဆောင်နေသည်ဟု အခြေအနေကို သိမြင်ထားသူ သတင်းရင်းမြစ်က ယခုလို ပြောသည်။
“ရတခ က အမိန့် ပေးတာကတော့ ခွဲထွက် DKBA ဗိုလ်ဘိတပ်နဲ့ ပေါင်းပြီး ကျုံဒိုး-ကော့ကရိတ် အာရှလမ်းကို ဩဂုတ်လ အရသိမ်းရမယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဇူလိုင် ၁၇ ရက်နေ့တွင် မော်လမြိုင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ အင်အား ၃၀၀ ရာပါ စစ်ကြောင်း နှစ်ကြောင်း ကျုံဒိုး အရှေ့တောင်ဘက် စပ္ပါယ်ဂူတံတားလမ်းပိုင်း၊ ကျွန်းကုန်းကျေးရွာလမ်းပိုင်းမှ ကျုံဒိုးဒေသသို့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းများ ရောက်ရှိလာပြီး ကော့ကရိတ်-ကျုံဒိုး ၇ တိုင်၊ ၅ တိုင် ကျေးရွာ လမ်းပိုင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA၊ မဟာမိတ်ပူးပေါင်းတပ်များ နှင့် တိုက်တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။
” ဒီတစ်လောကတော့ မိုးကြီး၊ ရေကြီးနေလည်း တိုက်ပွဲက တိုက်နေရမယ့် သဘောရှိတယ်။ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ကျုံဒိုး ခမရ ၅၄၅-၅၄၆ က တစ်လိုင်းအပါပေါ့နော့်။ အခု စကစ ဘက်က ကျိုက်မရော၊ တောင်ကြာ အင်းလမ်း၊နဘူး-မြပတိုင် လမ်းပိုင်းနှစ်ခုကပါ ပတ်ဝိုင်းပြီးညှပ်တိုက်မယ့်သဘော သတင်းရထားတယ်။ လက်နက် ကြီး၊ မစ်ဇိုင်းရော့ကက်ကတော့ နေ့တိုင်းပစ်နေတာပါဘဲ” ဟု ကျုံဒိုးနယ်မြေရှိ မဟာမိတ် ပူးပေါင်းတပ် စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောသည် ။
ပြီးခဲ့သည့်ဇူလိုင်လ ၁၉ နှင့် ၂၀ ရက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် DKBA ပူးပေါင်းအဖွဲ့ များအုန်းတစ်ပင်ရွာ ဘက်ရှိ KNLA မဟာမိတ်ပူးပေါင်း တပ်များနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ခွဲထွက် DKBA ပူး ပေါင်း တပ်ဘက်မှ အကျအဆုံး ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ကျုံဒိုးရှိ စစ်ကောင်စီ တပ်ရင်းများဘက် တပ်ပြန်ဆုတ် သွားခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းစွန့်ခွာ ထွက်ပြေးမှုများလည်း နေ့စဉ် ဖြစ်ပေါ်နေ သည်ဟု သိရသည်။



















