ဇူလိုင် ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ ခွန်မယ့်ဝေကျေးရွာအနီးရှိ တောတွင်းတစ်နေရာ၌ ယနေ့ ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ကာမီကာဇီဒရုန်းတစ်လုံးတွေ့ရှိခြင်းသည် ဧပြီလက မဲ့သဝေါ ဒေသ၊ အူးမူးထကျောင်းသို့ ပစ်လွတ်သည့် ဒရုန်းအဟောင်း ဖြစ်နိုင်သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)၊ တပ်မဟာမှူးက ပြောဆိုသည်။
အဆိုပါ ဒရုန်းပျက်ကျသည့်နေရာသည် ကေအဲန်ယူ၊ နယ်နိမိတ်နှင့် ၁၂ ကီလိုခန့် အကွာတွင် ဖြစ်ပြီး လွန်ခဲ့သည့် ဧပြီလက တပ်မဟာ(၇)နယ်မြေသို့ စစ်ကောင်စီ ပစ်လွှတ်လိုက်သည့် ဒရုန်းများထဲမှ ထိုင်းဘက်သို့ လမ်းကြောင်း ပြောင်းကာ ပြုတ်ကျသည့် ဒရုန်းအဟောင်း ဖြစ်နိုင်သည်ဟု ကေအဲန်ယူ၊ တပ်မဟာ-၇၊ တပ်မဟာမှူး၊ ဗိုလ်မှူးချုပ် စောဒိကွယ်က ကေအိုင်စီသို့ ယခုလို မှတ်ချက်ပြု ပြောဆိုသည်။
“ပြီးခဲ့တဲ့ ၃ လလောက်က အူးမူးထ ကျောင်းကို စစ်ကောင်စီက ကာမီကာဇီ ဒရုန်း ၃ စင်းနဲ့ လာပစ်ချတာ အဲဒီမှာ တစ်စင်းက ပေါက်ကွဲပြီး နှစ်စင်းက ပျောက်သွားတာ မတွေ့တော့ဘူး။ အဲဒီပျောက်တဲ့ နှစ်စင်း ထဲက တစ်စင်း ဖြစ်ဖို့ များတယ်” ဟု ကေအဲန်ယူ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဒိကွယ်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အသေခံကာမီကာဇီ ဒရုန်း၌ တပ်ဆင်ထားသည့် ဘတ္တရီတစ်လုံး၊ မော်တာ၊ ပန်ကာနှင့် DW 06 နှင့် 85 နံပါတ် ရေးထားသည့် ဗုံးတစ်လုံးပါသည်ဟု ထိုင်းသတင်းအရင်းအမြစ်တစ်ခုဖြစ်သည့် AEC News တွင် သတင်းဖော်ပြထားသည်။
ဒေသခံရွာသားများ၏ သွားရောက်အသိပေးချက်ကြောင့် ထာ့ဆောင်ယန်းမြို့နယ် အမှတ် (၃၅၀၂) ခြေမြန်တပ်မက အဆိုပါဒရုန်းဗုံးကို သွားရောက်ယူဆောင်ကာ ထိုပျက်ကျသည့် အနီးဝန်းကျင်တွင် ထပ်မံ ရှင်းလင်းရန် ရှိသေးသည့်အတွက် အန္တရာယ်ဇုံအဖြစ် ထိုင်းတပ်မတော်က သတ်မှတ်ထားသည်ဟု AEC News ၏ ဖော်ပြချက်အရ သိရသည်။



















