မေ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေး တပ်မတော်-MLA ပူးပေါင်းဖွဲ့စည်းလိုက်သည့် ရာမညမွန်တပ်မတော် Ramanya Mon Army နှင့်အတူ စစ်အာဏာကို တိုက်ခိုက် သွားမည် ဟု မွန်ဖယ်ဒရယ်ကောင်စီ Mon State Federal Council က မေ ၂၅ ရက်နေ့တွင် ထုတ်ပြန် ပြောသည်။
စစ်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရန်အတွက် မေ ၂၄ရက်နေ့က မွန် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် NMSP-AD နှင့် MLA တို့ပူးပေါင်းကာ ရာမညမွန်တပ်မတော်- RMAကို ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်ပြောဆို ခဲ့သည့်အပေါ် အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်ကြောင်း မွန်ဖယ်ဒရယ်ကောင်စီက ပြောဆိုသည်။
ပူးပေါင်းဖွဲ့စည်းလိုက်ရသည့် ရည်ရွယ်ချက်များဖြစ်သည့် စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖယ်ဒရယ် ပြည်ထောင်စုတွင် မွန်ပြည်ပေါ်ပေါက်ရေး စသည့် နိုင်ငံရေး ရည်မှန်းချက်များစွာ တူညီနေသောကြောင့် MSFC အနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ပြီး လက်ရှိစစ်အာဏာရှင်ကို တိုက်ခိုက် ရာတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ပြောဆိုသည်။

ထို့အပြင် MSFC အနေဖြင့် တစ်ခုတည်းသော မွန်တပ်မတော် ပေါ်ပေါက်ရေးအယူအဆကို လုံးဝလက်ခံထား သလို ရာမည စစ်ကြောင်းနှင့် တကွ တစ်ခုတည်းသော တပ်မတော်ပေါ်ပေါက်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများကို ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ အကောင်ထည်ဖော် ခဲ့ကြောင်းလည်း MSFCကထုတ်ပြန်ချက်ထဲ၌ ပြောဆိုထားသည်။
မွန်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး အသစ်ပေါ်ထွန်းလာသည့် ရာမညမွန်တပ်မတော်-RMA ကို ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLAအနေဖြင့် ကြိုဆိုဂုဏ်ပြုနေကြောင်း ထုတ်ပြန် ပြောဆိုထားသေးသည်။



















