မေ ၂၆ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကင်းစံရာကျေးရွာအုပ်စု၊ အနောက်ကျွန်းကျေးရွာ နှင့် အမှတ် (၄) ရပ်ကွက် တိုးချဲ့နယ်မြေများတွင် မေ ၂၄ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် ရုတ်တရက် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားပြီး လူနေအိမ် အလုံး ၂၀ မြစ်ထဲမျောပါကာ ၃၈ လုံးကို ဖျက်သိမ်း ခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
အနောက်ကျွန်း ကျေးရွာမြစ်ကမ်းပါး၏ အလျား ပေ ၂၀၀၊ အနံ ပေ ၅၀ ခန့် တိုက်စားခံရသလို အမှတ် (၄) တိုးချဲ့ ရပ်ကွက်ရှိ မြစ်ကမ်းပါ အလျား ပေ ၂၅၀ ၊ အနံ ပေ ၅၀ ခန့် တိုက်စားခံရခြင်းဖြစ်ပြီး အမှတ်(၄) တိုးချဲ့နယ်မြေရှိ နေအိမ် ၇ လုံး နှင့် အနောက်ကျွန်း၊ ကျေးရွာတွင် နေအိမ် ၁၃ လုံး မြစ်ကမ်းပါ ပြိုကျမှုတွင် ထိခိုက်ပျက်စီးသွား ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ လူနေအိမ် မျှောပါ ပျက်စီးမှု ဖြစ်ပွားသော်လည်း လူထိခိုက် သေဆုံးမှု မရှိသလို နေအိမ် မျှောပါ သွားသည့် မိသားစုဝင်များကို ကျေးရွာအနီးဝန်းကျင်တွင် အဆင်ပြေသလို နေထိုင် နေကြရကြောင်း ညောင်တုန်းမြို့နယ် ဒေသခံ တစ်ဦးက အခုလို ပြောသည်။
“ည (၁၂) ဝန်းကျင်လောက်ကဖြစ်သွားတာ၊ ကျနော်တို့ နေအိမ်ကတော့ စိုးရိမ်ရလို့ ဖျက်လိုက်ရပါတယ်။ ဒီလို မိုးဦး ကာလမှာဖြစ်တော့ မိုးတွေကရွာတော့ နေစရာနဲ့ စားဝတ်နေရေး အခက်အခဲတော့ရှိတယ်။ ကူညီပေး ကြတဲ့ သူတွေတော့ ရှိပါတယ်။ နှစ်တိုင်းတော့အနည်းနဲ့အများပြိုတယ်။ အခုလိုမျိုး အိမ်တွေအများကြီး ပါသွား တာတော့ ပထမဆုံးပဲ” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

လတ်တလောတွင် ယမန်နေ့ မေ (၂၅) ရက်နေ့လယ်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြစ်ကမ်းဘေးသင့် သူများကို ဆန် (၁၅) အိတ်၊ ဆီ (၂၈) ပိဿာ၊ ကြက်ဥ အလုံး (၉၀၀)၊ ကြက်သွန် (၂၈)ပိဿာ၊ ဆား(၂၈)ပိဿာ လာ ရောက် ကူညီပေးထားသလို မြို့နယ် သဘာဝဘေးစီမံဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်းတို့ကလည်း လိုအပ်သည့် ထောက်ပံ့ပစ္စည်း တချို့ကို လာကူညီပေးခဲ့သည်ဟု ဒေသခံတွေက ပြောသည်။
အလားတူ ဒေသခံ အလှူရှင်အချို့ကလည်း လတ်တလော စားသောက်နိုင်ရန် ထမင်းဗူးများ၊ မုန့်များ၊ သောက်ရေ သန့်များလာရောက်လှူဒါန်းပေးမှုများလည်းရှိကြောင်း သိရသည်။
အဆိုပါ ဒေသတွင် နှစ်စဉ် မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပွားလေ့ရှိသော်လည်း မြစ်ရေ တိုက်စားမှု အကာအကွယ် ပေးမည့် အစီအမံများမရှိသလို ယခုနှစ်မြစ်ကမ်းပါးပြိုကျမှုမှာ အကြီးမားဆုံး ဖြစ်သည်ဟု သိရသည်။
မြစ်ကမ်းပါပြို ဘေးဒဏ်သင့် ဒေသခံများမှာလည်း ငါးဖမ်းခြင်း နှင့် ကမ်းနားတွင်ဖွင့်ထားသည် ဝါး၊ ဓနိဆိုင်များ၊ ငါးဒိုင်များ၌ အလုပ်လုပ်ကိုင်နေကြသည့် အခြေခံလူတန်းစာ မိသားစုဝင်များဖြစ်ကြောင်း သိရသည်။



















