မေလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကောင်စီ၏ အခြေခံပညာသင်ကျောင်းများတွင် မေလ ၂၂ ရက်နေ့ကစ၍ ကျောင်းအပ်စတင်လက်ခံခဲ့ရာ ၁၀ တန်းနှင့် ၁၂ တန်း ကျောင်းသားများအတွက် ယမန်နှစ်က ပုံနှိပ်စာအုပ် အဟောင်းများကိုသာ ထောက်ပံ့ပေးနိုင်ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်က အထက်တန်းပြီးစီးသွားသည့် ကျောင်းသူ၊ကျောင်းသားများထံက ပုံနှိပ်စာအုပ် အဟောင်းများကို သက်ဆိုင်ရာ ကျောင်းများက အကုန်ပြန်လည်တောင်းယူပြီး အဆိုပါ စာအုပ်ဟောင်းတွေကိုသာ ပြန်ပေးမယ် ဧရာဝတီတိုင်း မြောင်းမြမြို့ခံ တစ်ဦးက အခုလိုပြောသည်။
၎င်းက “ကျောင်းသွားအပ်တာ ဆရာမက ၁၀ တန်းကနေ ၁၂တန်းအထိကို ပုံနှိပ်အဟောင်းပဲထုတ်ပေးမယ်။ သုံးလို့ ရတဲ့ဟာပဲပေးမယ်။ ဇွန်လ၂ရက်နေ့ ကျောင်းတက်တဲ့နေ့မှ စာအုပ်ထုတ်ပေးမယ်လို့ပြောတယ်။ ဆရာမတစ်ယောက်ပြောတာက ခါတိုင်းနှစ် စာအုပ်အသစ်ထုတ်ပေးတာတောင် တစ်နှစ်မခံဘူး။ သူတို့ထုတ်တဲ့ စာအုပ်တွေက ချုပ်ရိုးချုပ်သားမသေသပ်ဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် ပုံနှိပ်စာအုပ်အကန့်အသတ်ဖြင့်သာ ထောက်ပံ့ပေးသောကြောင့် ကျောင်းအပ်နှံသည့် ဒေသခံ ကျောင်း သားမိဘများအနေဖြင့် ပုံနှိပ်စာအုပ် မရရှိမှာကို စိုးရိမ်သောကြောင့် ကျောင်းစတင် အပ်နှံရသည့် နေ့ကတည်းက အလုအယက် ကျောင်းလာရောက်အပ်နှံကြကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။
ပုံမှန်အားဖြင့် နှစ်စဉ် ပညာသင်နှစ်များတွင် ပုံနှိပ်စာအုပ်အသစ်များကို ထောက်ပံ့ပေးလေ့ရှိပေမဲ့ ယခုလို ပုံနှိပ်စာအုပ်အဟောင်းထောက်ပံ့ပေးတာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုလာမည့် ပညာ သင်နှစ်ကစ၍ ပထမ ဆုံးအကြိမ်ထုတ်ပေးခြင်းဖြစ်ကြောင်းလည်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ယခုနှစ်ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှ ပေးဆောင် ရန် မလိုအပ်ကြောင်း စစ်ကောင်စီ၏ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းတွေ့ရသည်။
ထို့အပြင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းသုံး ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ နှင့် ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ပေးနေသည်ဟု စစ်ကောင်စီအတွက် ထောက်ခံ ရေးသားသည့် သတင်းမီဒီယာများက ဖော်ပြကြသည်။
သို့သော် ရန်ကုန်တိုင်းအပါအဝင် စစ်ကောင်စီ အခိုင်အမာ ထိန်းချုပ်ထားနိုင်ဆဲ တိုင်းဒေသကြီး၏ မြို့နယ်များတွင်မူ ပုံနှိပ်စာအုပ်ဟောင်း နှင့် အသစ်များကို မဲနှိုက်ရယူရသူများရှိသလို မည်သည့်ထောက်ပံ့မှုမျှမရှိကြ သူများ လည်းရှိကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခ ပိုမိုပြင်းထန်လာပြီး စီးပွားရေး ကျန်းမာရေး ပညာရေး ကဏ္ဍအသီးသီးတွင် ကျဆင်းလာလျက်ရှိသည်။ စစ်ကောင်စီအနေဖြင့်လည်း နယ်မြေလက်လွတ်ဆုံးရှုံးရမှု ပိုများလာသောကြောင့် စစ်ရေး အသုံးစရိတ်ကို ပိုမို အသုံးပြုတိုက်ခိုက်နေကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြပြောဆိုသည်။



















