Home သတင်း ကျုံဒိုးတွင် လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေ

ကျုံဒိုးတွင် လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေ

932
Photo: CJ

မေ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ် တပ်များနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေ သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။

ကျုံဒိုးမြို့အထွက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၄၅-၅၄၆ တပ်ရင်းနှင့် ကာကင်းစခန်းများကို KNLA မဟာမိတ် တပ်များက လက်နက်ကြီးဖြင့် ပတ်ခတ်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး ပစ်ခတ်ခုခံနေသည်ဟု တော်လှန်ရေးပူးပေါင်းတပ် တာဝန်ရှိသူတဦးက ယခုလို ပြောသည်။

“သူတို့ဘက်က လက်နက်ကြီးတွေ ရမ်းပစ်ထုတ်တယ်၊ တပ်ရင်းတို့ ကင်းကတုတ်တို့ ပတ်ခြာလည်မှာ မိုင်းရာချီ ထောင်ထားတယ်၊ အခုတိုက်ပွဲ အနေအထားက သူ့လက်နက်ကြီး၊ ကိုယ့်ရှော့ခ်တိုက် အပြိုင်တိုက်နေတဲ့ သဘော မျိုး ဖြစ်‌နေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ကျုံဒိုးမြို့တွင်စစ်ကောင်စီတပ်က တောင်ပေါ်ကျောင်း၊ ရဲစခန်း၊ ကျွန်းကလေး၊ မီးပုံကွင်း၊ အထကကျောင်း၊ ရသေ့ ကျောင်း၊ ချောင်းဖျားရွာထိပ်၊ ဂျိုင်းတံတားနေရာများ၌ ယာယီတပ်စွဲထားသည့် လက်နက်ကြီးတပ်၊ ဒရုန်း တပ်၊ ခြေလျင်၊ ခြေမြန်တပ်ဖွဲ့များဖြင့် ကျုံဒိုးမြို့ မကျရေး ခုခံနေသည်ဟု သိရသည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်းများ ကော့ကရိတ် အာရှလမ်းသစ်သို့ စစ်ကူပို့ရန် စစ်ကြောင်းမထွက်နိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု မြေပြင်သတင်းရင်းမြစ် က ယခုလို ပြောသည်။

“ကျုံဒိုးမှာ ဖားအံကပို့တဲ့ တပ်တွေ ကော့ကရိတ်ကို ဆက်ထွက်လို့မရ ဖြစ်နေတော့ ကျုံဒိုးမကျဖို့ ခံတိုက်နေရတဲ့ အခြေအနေ ဖြစ်နေတယ်။ နေရာအစုံတပ်ဖြန့်ထားတဲ့ အင်အားက ၅၀၀ အထက်ရှိတယ်။ ဂျိုင်းကနေဖားအံနယ်ထဲ က ကျားကလေး၊ ဒူရိန်၊ လွန်းညအထိက ရွာသားခြံတွေထဲ တပ်ဖြန့်ထားတာ လမ်းကင်းထိုးထားတာက ၅၀၀ လောက် ရှိနေတယ်” ၎င်း က ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလမှစ၍ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းတွင် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ မြေပြင် စစ်ကြောင်းထွက် တိုက်ခြင်းထက် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းမှ ဗုံးကြဲ ခြင်းများ ပြုလုပ်တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။