Home သတင်း DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့ ဂျိုင်းမြစ် အနောက်ဘက်ကမ်းတွင် ဂိတ်ပြန်ဖွင့် ငွေတောင်းခံ

DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့ ဂျိုင်းမြစ် အနောက်ဘက်ကမ်းတွင် ဂိတ်ပြန်ဖွင့် ငွေတောင်းခံ

1273
Photo: CJ

မေ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဒေသတွင်း ကြာအင်း DKBA ခွဲထွက် အဖွဲ့ဟု လူသိများသည့် ဗိုလ်ဘိအဖွဲ့သည် ဂျိုင်းမြစ် အနောက်ဘက်ကမ်း ဖားအံ မြို့နယ်အတွင်း ဂိတ်များပြန်ဖွင့်ပြီး ငွေတောင်းခံမှု ပြုလုပ်နေသည်ဟု မြဝတီ-ဖားအံ ကုန်စည်နှင့် ခရီးသည် တင် ယာဉ်မောင်းများက ပြောသည်။

ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၊ ကျုံဒိုး BGF ဂိတ်နှင့် ခွဲထွက် DKBA ဗိုလ်ဘိ အဖွဲ့ဂိတ် များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် တပ်များက ပြီးခဲ့ သည့် ဧပြီလအတွင်းက သိမ်းယူလိုက်သည့်အတွက် ယခုလို ဂျိုင်းမြစ် အနောက်ဘက်ကမ်း လမ်းပိုင်း၌ ဂိတ်ပြန် ဖွင့်ထားခြင်း ဖြစ်သည်ဟု ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကော့ကရိတ်-ကျုံဒိုးလမ်းက DKBA ဗိုလ်ဘိဂိတ်တွေ၊ ကျုံဒိုး BGF ဗိုလ်မောင်ဝင်းဂိတ်တွေ တိုက်ခံလိုက်ရတော့ ပြေးရာက အခုဂျိုင်းဟိုဘက်ကမ်း ကျားကလေးလမ်းဆုံပေါ့ အဲ့ဒီကနေ ဇာသပြင်ဘက်လမ်းနဲ့ သာမည၊ အိန္ဒုဘက် လမ်းတွေမှာ DKBA၊ BGF ဂိတ်နဲ့ စစ်တပ်ဂိတ်တွေ အသစ်နေရာယူပြီး ဂိတ်ချ ငွေပြန်တောင်း နေကြတယ်။ တောင်ပေါ် ကားတွေက ချောင်းဖျား၊ နဘူး၊ ထို့ကော်ကိုး၊ လမ်း‌ဟောင်းလမ်းက အတက်အဆင်း လုပ်နေတာဆို တော့ ကားသေးတွေ၊ ခရီးသည်ကားတွေ အတောင်းခံရတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ ကြာအင်းဆရာတော် လက်အောက်ခံ DKBA ခွဲထွက် ဗိုလ်ဘိတပ်ဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ စစ်ရေး၊ စစ်ရာများ၌ ကူညီပေးမှုများ ရှိပြီး စစ်ကောင်စီကလည်း လက်နက်တပ်ဆင်ပေးထားသည်ဟု သတင်း ထွက်ပေါ်နေသလို အာဝါဒေးလောင်းကစားပွဲများ ဖွင့်လှစ်ခြင်းနှင့် ဂိတ်ဖွင့် ငွေတောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ခရီးသွားပြည်သူများနှင့် ကုန်စည်ကားများ ဖြတ်သန်းသွားလာမှုရှိသည့် မော်လမြိုင်-ဖားအံသွား လမ်းမ ကြီးများ၊ ကျေးရွာခြင်းဆက် လမ်းများတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ DKBA ၊ BGF၊ ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ဝင်များက နယ်မြေဒေသလုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်အမည်ခံပြီး ငွေတောင်း ဂိတ် ၃၀ ခန့် ဖွင့်လှစ် ငွေတောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံကားသမားနှင့် ဒေသတွင်းသတင်းအရင်း အမြစ်များက ပြောသည်။