Home သတင်း မယ်လအခြေစိုက် မော်ကွီးလူစခန်းကို KNLA အပြီးသတ်သိမ်းပိုက်၊ စခန်းရှိ စစ်ကောင်စီ အားလုံးနီးပါး ထွက်ပြေး

မယ်လအခြေစိုက် မော်ကွီးလူစခန်းကို KNLA အပြီးသတ်သိမ်းပိုက်၊ စခန်းရှိ စစ်ကောင်စီ အားလုံးနီးပါး ထွက်ပြေး

706
Photo: KNLA

မေ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မယ်လရွာအနီးရှိ မော်ကွီးလူ စစ်ကောင်စီတပ်စခန်းကို ယနေ့ မေလ ၁၆ ရက်နေ့ နံနက် ၅ နာရီက အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပြီး စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါး စွန့်ခွာထွက်ပြေးသွားကြောင်း တပ်မဟာ(၇) KNLA သတင်းအရင်းအမြစ်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်အနီးရှိ အဆိုပါ စခန်းကို စတင်တိုက်ခိုက်ပြီး ၁ ရက်အကြာတွင် သိမ်းယူနိုင်ခဲ့သလို စခန်းတွင်းတပ်ဖွဲ့ဝင်အင်အား ၅၀ ဝန်းကျင်ရှိသည့်အနက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်မှာ လက်နက်နှင့်တကွ စခန်းစွန့်ခွာထွက်ပြေးသွားသည်ဟု ဆိုသည်။

“အဲဒီတပ်စခန်းက အင်အား ၄၀ ကျော် ၅၀ ရှိတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ကျော်ရှိတယ်။ ၅ နာရီကျော်ကျော်မှာ အပြီးသိမ်းလိုက်နိုင်တယ်။” ဟု KNLA တပ်မှူးတစ်ဦးက ယနေ့ နံနက်တွင် အတည်ပြုပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး‌ သေဆုံးခဲ့သလို KNLA ဘက်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စခန်းစွန့်ပြေးသည့် ၎င်းတို့အဖွဲ့နဲ့အတူ လိုက်ပါထွက်ပြေးသွားသည်ဟု ဆိုသည်။

ထို့အပြင် KNLA ပူးပေါင်းတပ်ဘက်က စခန်းတွင်းရှိ စစ်ကောင်စီ၏ ၁၂၀ မမနှင့် ၆၀ မမ လက်နက်ကြီး အမျိုးအစားများအပြင် အခြားခဲယမ်းလက်နက်များရရှိခဲ့ကြောင်း ရှေ့တန်းစစ်မျက်နှာပြင်ရှိ ဖော်ပြပါ KNLA တပ်မှူး၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလမှ မေလအထိ KNLA ပူးပေါင်းတပ်က ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေရှိ လေးဂေါ်၊ ပူလူတူ၊ လေးပနာဒီ၊ တာလယ်နှင့် ယခု မော်ကွီးလု စသည့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက်ထားသော စစ်ကောင်စီစခန်း ၅ ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။