မေ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်ကောင်စီသို့ လေယာဥ်ဆီရောင်းချတင်သွင်းမှုများကို ပိတ်ဆို့ပေးနိုင်သည့် အရေးပေါ်အစီအမံများ စတင်လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံကို Fortify Rights က မေလ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်တိုက်တွန်းသည်။
မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းပေါ်သို့ စစ် ကောင်စီက လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆရာ၊ဆရာမ ၂ ဦးအပါအဝင် ကျောင်းသူကျောင်းသား ၂၂ ဦးထက်မနည်း သေဆုံး၍ ၅၀ ကျော်ဒဏ်ရာရခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး Fortify Rights အဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံအနေဖြင့် မြန်မာပြည်သူများကို ကာကွယ်ရန် စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် လက်နက်၊ အထောက်အပံ့များ ရောက်ရှိနေမှုကို ဟန့်တားနိုင်သည့် အာဆီယံနိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်မှုကဲ့သို့ အရေးပေါ်အစီအမံများကို စတင်လုပ်ဆောင်သင့်ကြောင်း အဖွဲ့ကထောက်ပြသည်။
စစ်ကောင်စီ၏ ရာဇဝတ်မှုများကို အရေးမယူ လျစ်လျူရှုပြီး ထုတ်ပြန်ချက်များထုတ်ပြရုံမျှဖြင့် မလုံလောက်ဘဲ ချက်ချင်းအရေးယူရမည်ဟု Fortify Rights အဖွဲ့၏လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက ပြောသည်။
“မြန်မာစစ်ကောင်စီက ကိုယ့်ပြည်သူတွေကိုယ်ပြန်သတ်နေချိန်မှာ အာဆီယံကအရေးယူဖို့ပျက်ကွက်နေတာက အာရှနိုင်ငံတွေရဲ့ထုံးစံ ဆိုတဲ့အကြောင်းအရာနဲ့မသက်ဆိုင်ပါဘူး။ ပြင်းထန်တဲ့စာအရေးအသားမှတ်ချက်တွေ ပါတဲ့ ထုတ်ပြန်ချက်တွေကလည်း စစ်ကောင်စီကိုဘယ်တော့မှ ရပ်တန့်စေမှာမဟုတ်ပါဘူး။ အာဆီယံက ခုချက်ချင်း အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ကိုစိုင်းအာကာက ထုတ်ပြန်ချက်နှင့်တပါတည်း ပြောသည်။
ထို့အပြင် လေယာဥ်ဆီနှင့်လက်နက်၊ အထောက်အပံ့ ပိတ်ဆို့နိုင်မည့် အရေးပေါ်အစီအမံများကို လာမည့် မေလ၂၆ ရက်၊ ၂၇ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ကျင်းပမည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ် သီးအစည်းအဝေးတွင် အာဆီယံဥက္ကဌအနေဖြင့် အဆိုပြုသင့်ကြောင်း Fortify Rights က ဖော်ပြသည်။
စစ်ကောင်စီက နိုင်ငံတကာဈေးကွက်မှ လက်ရှိရနေသော လေယာဥ်ဆီများဖြင့် မြန်မာပြည်တွင်းနေ အရပ်သားများ၏ အသက်အန္တရာယ်ကိုထိခိုက်စေခြင်းဖြစ်သလို စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင် ကျောင်းလိုနေရာများကို တိုက်ခိုက်ခြင်းက စစ်ရာဇဝတ်မှုမြောက်နိုင်သည်ဟု ဆိုသည်။
ထို့အတူ အိုးတိန်တွင်းရွာစာသင်ကျောင်းဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်က ငြင်းဆိုသည့်တိုင် Fortify Rights အနေဖြင့် ဖြစ်စဥ်နေရာတွင်ရှိခဲ့သည့် မျက်မြင်သက်သေများကို မေးမြန်းပြီး ပုံမှတ်တမ်းများဖြင့် အမှန်ဖြစ်ကြောင်း စိစစ်နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ပြောလာသည့်အချက်အလက်များမှာလည်း ထုတ်ပြန်ချက်တွင် အသေးစိတ်ပါရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ အိုးတိန်တွင်းစာသင်ကျောင်း ဗုံးကြဲခံရမှုအပေါ် မေလ ၁၃ ရက်နေ့က ထုတ်ပြန်ချက်အရ ၂၀၂၃ မှ ၂၀၂၅ မေလအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၆၀၀ကျော် ဖြစ်ပွားခဲ့ပြီး ကျောင်းပေါင်း ၂၄၀ ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး Justice for Myanmar အဖွဲ့မှ မေလ ၁၃ ရက်နေ့က မသမာသူ သူဌေးများစာရင်း ကြေညာချက်တွင်လည်း အာဆီယံနိုင်ငံများမှတဆင့် စစ်ကောင်စီကို နည်းပညာ၊ ငွေကြေးနှင့် လေယာဥ်ဆီကဲ့သို့ စစ်လက်နက်အထောက်အပံ့များ ရောက်ရှိနေခြင်းကို အရေးယူပိတ်ဆို့ရမည်ဟု ထောက်ပြတောင်းဆိုခဲ့သည်။



















