Home သတင်း တောင်ငူလေတပ်စခန်းနှင့် တပခစစ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရမှု အရာရှိသုံးဦးအပါအဝင် ၈ ဦးသေဆုံးဟု BWM ပြော

တောင်ငူလေတပ်စခန်းနှင့် တပခစစ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရမှု အရာရှိသုံးဦးအပါအဝင် ၈ ဦးသေဆုံးဟု BWM ပြော

612
Photo: BWM

မေလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် (တပခ) ဖြစ်စဉ်တွင် စစ်ကောင်စီတပ် အရာရှိသုံးဦးအပါအဝင် (၈) ဦးသေဆုံးကြောင်း ယင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် Brave Warriors For Myanmar -BWM က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၃၀) ရက်နေ့တွေင် အဆိုပါ စစ်ဆင်ရေးနှစ်ခုကို တပြိုင်တည်း တိုက်ခိုက်မှုပြု လုပ်ခဲ့ ရာ (၁၀၇) မမ ရှော့တိုက်ဒုံး (၁၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် လေတပ်အရာရှိသုံးဦးနှင့် လေတပ်ရဲမေနှစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး တခြားအရာရှိ ငါးဦးအပါအဝင် ၁၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း BWM က ယမန်နေ့ (မေလ ၄ရက်) တွင် သတင်းထုတ်ပြန်သည်။

“မစ်ရှင်သွားလုပ်ပြီးတဲ့အချိန် ငါးမိနစ်အကြာ ၉ နာရီ ၄၀ မိနစ်ကနေစပြီး စက်လတ်တွေရော ၆၀၊ ၁၂၀ တွေရော ဆက်တိုက်ပစ်တာ ၁၁ နာရီလောက်အထိပဲ။ အခုလို လုပ်ဆောင်နိုင်တဲ့အပေါ် အပြည့် အဝ အားထုတ်ပြီး ပူးပေါင်းပေးခဲ့တဲ့ မဟာမိတ်အဖွဲ့တွေ အားလုံးကို ချီးကျူးဂုဏ်ပြုရင်း ကျေးဇူးတင်တယ်” ဟု BWM အဖွဲ့၏တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြော်သည်။

၎င်းပစ်ခတ်မှုတွင် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည့် ရှော့တိုက်ဒုံး (၈)လုံးမှာ တပခ တိုင်း ရုံးစစ်ဦးစီး ဌာနရှိသည့် အဆောက်အအုံဘက်ခြမ်း တိုင်းငွေစာရင်းရုံးနှင့် စခန်းရုံးနေရာအချို့ ထိခိုက် ပျက်စီးပြီး လေတပ်အရာခံဗိုလ်နှင့် တပ်ကြပ်ကြီးလိုင်းခန်း နှစ်လုံး၊ အရာရှိလိုင်းခန်းနှစ်လုံးနှင့် လေတပ်သုံးမော်တော်ယာဉ်နှစ်စီးတို့မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Photo: BWM

ထို့အပြင် တောင်ငူလေတပ်ကိုလည်း ရှော့တိုက်ဒုံးခြောက်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ် သို လှောင်ရုံ အဆောက်အအုံ အပါအဝင် အဆောက်အအုံ နှစ်လုံးထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိနှင့် စစ်သည်အချို့ သေဆုံးမှုနှင့် ပြင်းထန်ဒဏ်ရာရမှုများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထုတ်ပြန်ချက်အရ တောင်ငူလေတပ် ထိခိုက်မှုအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်း ဖုံးမှုများနှင့် တားမြစ်ကန့်သတ်မှုများရှိသဖြင့် ကိန်းဂဏန်းအချက်အလက် အတိအကျ မဖော်ပြ နိုင်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော် အေလာလေတပ်စခန်း ကို ပြန်လည် ပြင် ဆင်နေချိန်၌ တိုက်လေယာဥ်အချို့အား တောင်ငူလေတပ်စခန်းသို့ ပြောင်းရွှေ့ထားကြောင်း BWM က ဆိုသည်။

ထိုစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

BWM အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းအပါအဝင် ဌာနချုပ်အချို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့သလို ယခု စစ်ဆင်ရေးမှာလည်း (၃၆ ) ကြိမ်မြောက် ပြုလုပ်သည့် စစ်ဆင်ရေးဖြစ်ကြောင်း သိရသည်။