Home သတင်း KNU တပ်မဟာ (၅)တွင် တလအတွင်း ဗိုလ်မှူးအဆင့် (၂) ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံး

KNU တပ်မဟာ (၅)တွင် တလအတွင်း ဗိုလ်မှူးအဆင့် (၂) ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံး

646
Photo: KNU

မေလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ/မူတြော်ခရိုင်အတွင်း ဧပြီလ တလတာအတွင်း စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း (၁၃၉) ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးအဆင့် (၂) ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၉)ဦး သေဆုံးခဲ့ကြောင်း ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။

ဧပြီလ (၁) ရက်မှ (၃၀)ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း (၁၃၉) ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအဆင့် (၂)ဦး၊ တပ်ကြပ်ကြီးအဆင့် (၁) ဦးအပါအဝင် (၃၉)ဦး သေဆုံး၊ (၅၅)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဌာနဆိုင်ရာ အ‌ဆောက်အဦး(၉)လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က အရပ်သား ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး (၇) ကြိမ်နှင့် တိုက်လေယာဉ်ဖြင့် ဗုံးအလုံးရေ (၁၄) လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့ရပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်တွင် ဖော်ပြပါရှိသည်။ ။

ထိုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်း နှင့် လက်နက်ကြီးများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သောကြောင့် ဒေသခံများ လုပ်ကိုင် စားသောက်နေသည့် လယ်ယာ၊ တောင်ယာများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် နှစ်ဖက် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာ အပစ်အခတ် ရပ်စဲမည်ဟု ကြေညာထားသော်လည်း လက်တွေ့တွင် စစ်ရေးအခြေအနေအရ ရပ်တန့်ထားခြင်းမျိုးမရှိဘဲ တပ်မဟာ(၅) နယ်မြေအပါအဝင် ထိန်းချုပ်နယ်မြေရှိ ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေဆဲဟု ကေအဲန်ယူက ပြောသည်။