မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ယခုနှစ်ကျရောက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဖားအံမြို့ သံလွင်မြစ်ကမ်း ဘေးတွင် ဧပြီလ ၂ ရက်မှ ၃၀ ရက်နေ့အထိ ကြာမည့် သဲသောင် ပြင်သင်္ကြန်စည်ကားစွာကျင်းပနိုင်ရန် ပြည်နယ်စစ်ကောင်စီက ကြိုတင်ပြင်ဆင်စီစဉ်မှုများ လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။
ကမ်းနားညစျေးတန်းအနီး သံလွင်မြစ်ကမ်းဘေးတွင် ‘နန်းဖော့အွာ’ ဟု အမည်ပေးထားသည့် သဲသောင် ပြင်သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာနှင့် ရပ်ကွက်မဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ နှင့် စတုဒီသာမဏ္ဍပ်များ ထည့်သွင်းပြုလုပ်သွားမည်ဟု ပြည်နယ်စစ်ကောင်စီက ဆိုသည်။
ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည့် ‘နန်းဖော့အွာ’ သဲသောင်ပြင်သင်္ကြန် နေရာကို လက်ရှိတွင် စက်ယန္တရားယာဥ်များဖြင့် မြေညှိလုပ်ဆောင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဖားအံမြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
“ တစ်လလုံး လုပ်မယ်ပြောတာပဲ။ အဲဒီ သဲသောင်ပြင်မှာတော့ သူတို့ပြင်ဆင်နေပြီး။ မြေညှိတာတို့ မုခ်ဝ ထောင်တာတို့ လုပ်နေပြီး။ တစ်လလုံးလုံး ဘယ်သူမှ သွားမဆော့နိုင်ဘူး။ သွားရေးလာရေးအတွက် လမ်းပိတ်ဆို့တာပဲ အဖတ်တင်တယ်။ ရေဘေးနားမှာဆိုတော့ အန္တရာယ်လည်း ရှိတယ်” ဟု ထိုမြို့ခံအမျိုးသမီးက ပြောသည်။
အဆိုပါ တစ်လလုံးနီးပါး ပြုလုပ်မည့် ပွဲတော်တွင် ရေဆော့ရန်နေရာနှင့် ရေကူးရန်ဘောကွင်းများ ၊ ရိုးရာသနပ်ခါးလိမ်းခြယ်ရန်နေရာများ၊ စျေးဆိုင်ခန်း အလုံး (၅၀)ပါဝင်သည့် စျေးရောင်းပွဲ တော်များနှင့်အတူ ဖျော်ဖြေရေးများကဲ့သို့ အစီအစဥ်များပါဝင်သည့်အတွက် သံလွင်မြစ်အတွင်း ရေစိမ်ရင်းလာရောက် အပန်းဖြေနိုင်ကြောင်း ပွဲစီစဥ်သူများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက် နှာမှတဆင့် အသိပေးနှိုးဆော်လျက်ရှိသည်။

ဖားအံမြို့ခံလူငယ်တစ်ဦးက “တိုက်ပွဲဖြစ်တဲ့နေရာတွေရှိတဲ့အချိန်မှာ ဖားအံမှာ စည်စည်ကားကားနဲ့ သင်္ကြန်ပွဲတော် လုပ်မယ်ဆိုတာက စစ်ကောင်စီက နိုင်ငံအေးချမ်းတယ်ဆိုတာကို ချပြချင်တဲ့ သဘော ပေါ့။ နိုင်ငံရေးကို စိတ်မဝင် စားတော့အောင် သူတို့အမျိုးမျိုးနဲ့ မြူဆွယ်နေတာပဲလေ။ ကျနော်တို့ ဖားအံ ကတော့ သူတို့စိတ်ကြိုက်ချယ်လှယ်လို့ ရတဲ့မြို့ဖြစ်သွားပြီဆိုတော့ အရာရာသူတို့သဘောပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင် ကရင်အမျိုးသား အစည်းအရုံး-KNU နယ်မြေ၏ နေရာတော်တော်များ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီဘက်ကလည်း ကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ တွင်တွင် ကျယ်ကျယ်လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ စစ်ရေးပဋိပက္ခကြောင့် သိန်းနှင့်ချီသည့် ဒေသခံအရပ်သားများလည်း ဘေးလွတ်ရာသို့ ယနေ့အချိန်အထိ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်သည်။
အလားတူ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ကမ်းနားလမ်းတွင်လည်း မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ပြည်နယ်စစ်ကောင်စီက ဦးဆောင်ကျင်းပရန် စီစဉ် လုပ်ဆောက်လျက်ရှိနေကြောင်း မြို့နေဒေသခံများက ပြောသည်။



















