Home ဆောင်းပါး “အနာဂတ်အတွက် အတိတ်ကို အာဃာတ မထားဖို့” ဆိုရင်

“အနာဂတ်အတွက် အတိတ်ကို အာဃာတ မထားဖို့” ဆိုရင်

1978

(‌မောင်‌ကျော်စွာ)

(၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁ဝရက်)

လူမျိုးစုံပြည်သူများက တကယ့် အ‌ပြောင်းအလဲကို အနှစ်နှစ်အလလ လိုလား‌တောင့်တခဲ့ကြသူများဖြစ်ပါတယ်။ အုပ်စိုးသူ‌တွေ ‌ပြောင်းလဲသွားတာ၊ အုပ်စိုးတဲ့ပုံစံ‌တွေ ‌ပြောင်းလဲသွားတာကို လူမျိုး‌ပေါင်းစုံပြည်သူ‌တွေ အကြိမ်ကြိမ် ကြုံခဲ့ဖူးပါတယ်။ ထိုအ ‌ပြောင်းအလဲဟာ လူမျိုး‌ပေါင်းစုံ ပြည်သူများအတွက် ဘာမျှမထူးခြား‌သော အ‌ပြောင်းအလဲများသာ ဖြစ်ခဲ့ပါတယ်။

အုပ်စိုးတဲ့ လူပုဂ္ဂိလ်‌တွေဘက်က‌ပြောင်းသွားတာ‌တွေကို လက်တန်း‌ပြောရရင် ဦးနု၊ ဦးဗ‌ဆွေ၊ ဦး‌ကျော်ငြိမ်းတို့က‌နေ ဗိုလ်‌နေဝင်း၊ ဗိုလ်‌အောင်ကြီး၊ ဗိုလ်စန်းယု၊ ဗိုလ်‌နေဝင်းက‌နေ ဦး‌နေဝင်း၊ ဦး‌နေဝင်းက‌နေတဆင့် ဗိုလ်‌စော‌မောင်၊ ဗိုလ်သန်း‌ရွှေ၊ ဗိုလ်‌မောင် ‌အေး၊ ဗိုလ်ခင်ညွန့်၊ အဲဒီဗိုလ်‌တွေက‌နေ (ဗိုလ်)ဦးသိန်းစိန် စသဖြင့်။

အုပ်စိုးတဲ့ပါတီ‌တွေ၊ စနစ်‌တွေဘက်က‌နေ‌ပြောရရင် (ဖဆပလ) (သန့်ရှင်း/တည်မြဲ) ပါလီမန်ဒိမိုက‌ရေစီ(၁၉၄၇ အ‌ခြေခံဥပ‌ဒေ) က‌နေ ‌တော်လှန်‌ရေး‌ကောင်စီ၊ (မဆလ) တစ်ပါတီအာဏာရှင်စနစ် (၁၉၇၄ အ‌ခြေခံဥပ‌ဒေ)၊ အဲဒီက‌နေတဆင့် (နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးမှု၊ အဲဒီက‌နေ စည်းကမ်းပြည့်ဝ‌သော ဒီမိုက‌ရေစီစနစ် (၂၀၀၈အ‌ခြေခံဥပ‌ဒေ) စသဖြင့် အုပ်စိုးသူ‌တွေ/ အုပ်စိုးမှု ပုံစံစနစ်‌တွေ တစ်‌ယောက်ပြီးတစ်‌ယောက်၊ တစ်မျိုးပြီးတစ်မျိုး‌ပြောင်းသွားခဲ့‌သော် လူမျိုးစုံပြည်သူများဘဝသည် ဘာမှ ပို၍ ထူးခြားမလာခဲ့။ “‌နောက်လာတဲ့ ‌မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုတာမျိုးသာ ကြုံခဲ့ကြရပါတယ်။ “‌နောက်လာတဲ့‌မောင်ပုလဲ” များ ကလည်း “ဒိုင်းဝန်”ထက် ‌အော့‌ကျောလန်‌အောင် ကဲကြသူ‌တွေချည်းသာဖြစ်ပါတယ်။ မိုး‌ပေါ်‌ထောင်‌ဖောက်တာ မပါဘူး။ တည့် တည့်ပစ်မယ်ဆိုတဲ့သူ‌တွေချည်းပါပဲ။

“ပြည်‌တော်သာရမည်”၊ “မြန်မာ့ဆိုရှယ်လစ်လူ့‌ဘောင်”၊ “‌ခေတ်မီဖွံ့ဖြိုးတိုးတက်‌သော ဒီမိုက‌ရေစီနိုင်ငံ‌တော်သစ်ကြီး”စတဲ့ မစားရ ဝခမန်း‌ကြွေး‌ကြော်သံများဟာ ကြွားလုံးထုတ်တဲ့ စကားလုံး‌တွေ၊ လိမ်ညာမှု‌တွေသာဖြစ်‌ကြောင်း ကိုယ်‌တွေ့ဖြတ်သန်းခဲ့ရတဲ့ အ‌တွေ့အကြုံ‌တွေအရ လူမျိုးစုံပြည်သူများဟာ ‌နော‌ကျေ‌အောင် သိခဲ့ကြရပြီးပါပြီ။

ဖြတ်သန်းလာခဲ့တဲ့ ‌ခေတ်စနစ်‌တွေ‌အောက်မှာ စစ်မှန်‌သောဒီမိုက‌ရေစီ၊ စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု၊ စစ်မှန်‌သော ပြည် တွင်းငြိမ်းချမ်း‌ရေးကို လူမျိုးစုံပြည်သူများ ဘယ်‌ခေတ် ဘယ်ကာလမှာမှ မ‌တွေ့ကြုံ၊ မခံစားခဲ့ရဖူး‌ချေ။ “ပြည်‌ထောင်စု” ဆိုသည် မှာ စကားလုံးအရ ပြည်‌ထောင်စုသာဖြစ်ပြီး တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ ဆိတ်သုဉ်းမြဲ ဆိတ်သုဉ်း‌နေခဲ့ပါတယ်။ “ဖက် ဒရယ်” ဆိုတဲ့ စကားလုံးကိုပင် တရားဝင် ‌ပြောဆိုနိုင်ခွင့်မရှိခဲ့။ မကြာမီကမှ “ဖက်ဒရယ်”ဆိုတဲ့စကားလုံးကို အုပ်စိုးသူများ ပါးစပ် က‌နေ ခါ‌တော်မီ ထုတ်‌ဖော်အသုံးချလာခြင်းဖြစ်ပါတယ်။ တကယ့်လက်‌တွေ့တွင်မူ မည်သည့် ဖက်ဒရယ်/ မည်သည့်ပြည် ‌ထောင်စုမျှ တည်ရှိ‌နေခြင်း မရှိပါ။ သွား‌လေသူ ဗိုလ်ချုပ်‌အောင်ဆန်းနှင့် တိုင်းရင်းသား‌ခေါင်း‌ဆောင်များအကြား ချုပ်ဆိုခဲ့‌သော ပင်လုံစာချုပ်ဆိုသည်မှာ စာချုပ်နှင့် စိတ်ဓါတ်သ‌ဘောအရသာ ရှိခဲ့ပြီး ထိုစာချုပ်ပါ စိတ်ဓါတ်သ‌ဘောထားနှင့်ကိုက်ညီ‌သော “ပြည်‌ထောင်စု”ကို ၁၉၄၈ခုနှစ်၊ လွတ်လပ်‌ရေးရရှိစဉ်မှ ယ‌နေ့ (၂၀၀၈ အ‌ခြေခံဥပ‌ဒေ) အထိ တည်‌ဆောက်ထူ‌ထောင်နိုင်ခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ။

မည်သို့ပင်ဖြစ်‌စေ၊ မည်သို့‌သော ‌ခေတ်ကာလအ‌ခြေအ‌နေ၌ဖြစ်‌စေ၊ မည်သည့်အချိုးအ‌ကွေ့၌ပင်ဖြစ်‌စေ လူမျိုး‌ပေါင်းစုံ ပြည်သူ များဟာ ကျရာတာဝန်ကို ‌ကျေပွန်မြဲ ‌ကျေပွန်ခဲ့ကြပါတယ်။ ယခုလည်း “အမှန်တကယ်‌ပြောင်းလဲဖို့” အတွက် ကျရာတာဝန် ‌ကျေ ခဲ့ပြီ။ အ‌နှောက်အယှက်၊ အဖျက်အ‌မှောင့်၊ ခြိမ်း‌ခြောက်လိမ်ညာ မှိုင်းတိုက်မှုမျိုးစုံကြားက‌နေ (NLD)ပါတီ တစ်ခုထဲက လွတ် လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ဖို့ မဲ‌ပေးခဲ့ကြပြီးပြီ။

နာကျင်ခါးသီးဖွယ်‌ကောင်း‌သော အ‌တွေ့အကြုံများကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြဖူး‌သော လူမျိုး‌ပေါင်းစုံပြည်သူများအ‌နေဖြင့် “အမှန် တကယ် အ‌ပြောင်းအလဲ”ဆိုတာကို သတိနဲ့ စူးစမ်း‌နေကြပါတယ်။ ‌လေ့လာ‌စောင့်ကြည့်‌နေကြပါတယ်။

ကြား‌နေရသည်များက‌တော့ စိတ်သက်သာစရာမရှိလှ။ “ရင်ကြား‌စေ့‌ရေး/ ပြန်လည်သင့်မြတ်‌ကျေ‌အေး‌ရေး” ‌လေချို‌သွေး‌နေမှု ဟာ တစ်ဖက်သတ် ဖြစ်‌နေပါတယ်။ နှစ်‌ပေါင်းများစွာ ဖိနှိပ်အုပ်စိုးခဲ့ကြသူများရဲ့ လူမဆန်တဲ့ အကြမ်းဖက်ဖိနှိပ်အုပ်စိုးမှုများအ ‌ပေါ် လူမျိုး‌ပေါင်းစုံပြည်သူများက တစ်ဖက်သတ် ‌ကျေ‌အေး၊ ခွင့်လွှတ်နားလည်‌ပေးရမယ်ဆိုတဲ့ သ‌ဘောမျိုး‌တွေ၊ အသံ‌တွေသာ ကြား‌နေရပါတယ်။

“အနာဂတ်အတွက် အတိတ်ကို အာဃာတမထားဖို့”တဲ့။
အတိတ်ရဲ့ လူမဆန်တဲ့ဖိနှိပ်မှု၊ ယုတ်မာမှု၊ ရက်စက်မှု‌တွေကို ကျူးလွန်ခဲ့ကြသူ‌တွေဘက်ကလည်း လူမျိုး‌ပေါင်းစုံပြည်သူများ အ‌ပေါ်တိကျ‌လေးနက်တဲ့ ဝန်ချ‌တောင်းပန်မှု‌တွေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု‌တွေ ဦးစွာပထမ လုပ်ဖို့လိုပါတယ်။ ‌နောင်မှာ ဒီလို ရိုင်းစိုင်းယုတ်မာတဲ့ လူမဆန်မှု‌တွေ၊ စနစ်ဆိုး‌တွေ ထပ်မံ မ‌ပေါ်‌ပေါက်‌စေဖို့အတွက် ကတိကဝတ်ပြုမှု‌တွေ၊ တိကျခိုင်မာတဲ့ စနစ် ‌တွေ၊ ယန္တရား‌တွေ လက်ရှိကာလပစ္စုပ္ပန်မှာ ပီပီပြင်ပြင်ချမှတ်၊ တည်‌ဆောက်ထားဖို့ မုချလိုအပ်ပါတယ်။

ရိုးရိုးစင်းစင်းပဲ စဉ်းစားကြည့်စမ်းပါ။
ပြစ်မှုကျူးလွန်ခဲ့သူ‌တွေဘက်က ပထမဦးစွာ ဝန်ချ‌တောင်းပန်ရမှာဖြစ်ပါတယ်။

ဒီလိုဝန်ချ ‌တောင်းပန်လာတဲ့အ‌ပေါ်မူတည်ပြီး ဖိနှိပ်မှုမျိုးစုံကို ရင်စီး၊ ခါးစီးနာကျင်ခံစားခဲ့ကြရသူ‌တွေဘက်က “ခွင့်လွှတ်ခြင်း သို့ မဟုတ် သင်ပုန်း‌ချေခြင်းဆိုတဲ့အမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အခု‌တော့‌ပြောင်းပြန်ဖြစ်‌နေပါတယ်။ ပြစ်မှုကျူးလွန်သူက မ‌တောင်းပန်ခင် မတရားပြုမှုခံခဲ့ရသူများဘက်က ခွင့်လွှတ်‌ကျေ‌အေး သင်ပုန်း‌ချေပါ‌ကြောင်း ခခယယ ကြိုတင်အသနားခံပါတယ်လို့ ထုတ်‌ဖော်‌ကြေညာရမယ့်သ‌ဘော ဖြစ်‌နေတာကဖြင့် ဘယ်လိုမှ တရားမျှတခြင်း မရှိပါဘူး။

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကို အတိတ်က ဖြစ်ရပ်‌တွေနဲ့ပတ်သက်ပြီး “စိတ်မ‌ကောင်း‌ကြောင်း/ဝမ်းနည်းစကား” ‌ပြော ဖို့ရှိပါသလားလို့ (ဝါရှင်တန်ပို့စ်) ‌မေးရာမှာ ကာချုပ်က “‌ပြောစရာအ‌ကြောင်းမရှိဘူး/ ဟိုဘက်နိုင်ငံ‌ရေး အ‌ခြေအ‌နေ၊ နိုင်ငံ ‌ရေးစနစ်အရ လုပ်ခဲ့တာဖြစ်တယ်။ ကျ‌နော်နဲ့ဘာမှမဆိုင်ဘူး”လို့ ‌ဗြောင်အကျဆုံး ငြင်းဆိုခဲ့တယ် မဟုတ်ပါလား။

(ဝါရှင်တန်ပို့စ်)က ‌မေးတာက ဝန်ချ‌တောင်းပန်ခိုင်းတာ မဟုတ်ဘူး‌နော်။ “စိတ်မ‌ကောင်း‌ကြောင်းနဲ့ ဝမ်းနည်းစကား” စတိ သ‌ဘော‌လောက် ‌ပြောဆိုဖို့သာဖြစ်ပါတယ်။ ဒါကို‌တောင် ကာချုပ်က ခါးခါးသီးသီး ငြင်းပယ်‌နေပါတယ်။ တကယ့် တာဝန်သိသူ ‌တွေရဲ့ ‌တောင်းပန်စကားဆိုတာကလည်း ပြီးစလွယ်‌ပြောတာမျိုး မဟုတ်ပါဘူး။ ‌လေးနက်တိကျတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု ပါဖို့ လိုပါတယ်။

ဝန်ချ‌တောင်းပန်မှုနဲ့ တာဝန်ယူမှုဟာ “၁၉၉ဝ ‌ရွေး‌ကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်”လို့ ပြီး၊ ပြီး‌ရော ‌ပေါ့‌ပေါ့တန်တန် ဝန်ခံခဲ့ဖူးတဲ့ အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်‌အောင်မြင့်ရဲ့ သ‌ဘောထားမျိုးလည်း လုံးဝမဖြစ်သင့်ပါဘူး။ ဗိုလ်ချုပ်‌အောင်ဆန်း တို့ ကျဆုံးမှုနဲ့အတူ ‌ရေစုန်‌မျောသွားခဲ့ရတဲ့ “ပင်လုံစာချုပ်”လို ကံကြမ္မာမျိုးလည်း မဖြစ်ဖို့လည်း အထူးလိုအပ်ပါတယ်။

ဒီလို ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်လို တင်းမာတဲ့သ‌ဘောထား‌တွေကို အ‌သေဆုပ်ကိုင်ထားမယ်ဆိုရင် ဘယ်လိုပြန် လည်သင့်မြတ်နိုင်ကြမလဲ၊ ဘယ်လိုရင်ကြား‌စေ့ကြမလဲ။ “ရင်ကြား‌စေ့‌ရေးနဲ့ ပြန်သင့်မြတ်‌ရေး”ဆိုတာ လူပုဂ္ဂိုလ်နှစ်ဦး၊ ပါတီနှစ်ခု ရဲ့ပုဂ္ဂလိက အ‌ရေးကိစ္စ သက်သက်မဟုတ်ပါဘူး။

တစ်ဖက်က ရန်ပြုဖို့ဆုပ်ထားတဲ့ လက်သီးကို‌ဖြေပြီး ‌တောင်းပန်လက်ကမ်းလာတဲ့အခါကျမှသာ အခြားတစ်ဖက်က ခွင့်လွှတ် ‌ကျေ‌အေး‌ရေးစကားနဲ့ ကြိုဆိုလက်လှမ်းနိုင်မှာဖြစ်ပါတယ်။
များမကြာမီ “အစိုးရအာဏာ”လွှဲ‌ပြောင်း‌ပေးခြင်းခံရ‌တော့မယ့် (NLD) ပါတီဥက္ကဋ္ဌ‌ဒေါ်‌အောင်ဆန်းစုကြည်က အခုလို ‌ပြောပါ တယ်။

“ကျမတို့ တိုင်းရင်းသား‌တွေအားလုံး ငါတို့ ဘာ‌ပေးနိုင်သလဲဆိုတဲ့ စိတ်ဓါတ်နဲ့ ပြည်‌ထောင်စုကို ချဉ်းကပ်မှ ပြည်‌ထောင်စုကြီးဟာ တကယ်ကို ငြိမ်းချမ်းနိုင်မယ်။ တကယ်ကို တိုးတက်ဖွံ့ဖြိုးနိုင်မယ်၊ ငါတို့ဘာရမလဲဆိုတာ နံပါတ် ၁ မဟုတ်ပါဘူး။ ငါတို့ ဘာ‌ပေး နိုင်မလဲဆိုတာ နံပါတ် ၁ ထားမယ်ဆိုလို့ရှိရင် တကယ်ကို‌အောင်မြင်မှာပါ”တဲ့။

လူမျိုးစုံပြည်သူ‌တွေဟာ စစ်မှန်တဲ့ဒီမိုက‌ရေစီအ‌ရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်‌ထောင်စုအ‌ရေး၊ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်း‌ရေး အတွက် အသက်အိုးအိမ်စည်းစိမ်‌တွေကို လွတ်လပ်‌ရေးသက်တမ်းနဲ့အမျှ ‌ပေးခဲ့၊ စ‌တေးခဲ့ပါပြီ။ ‌ပေး‌နေဆဲ၊ စ‌တေး‌နေကြရဆဲ လည်း ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ‌ပေးခဲ့၊ စ‌တေးခဲ့ရလု့ိလည်း ဖွတ်ဖွတ်ညက်ညက် ‌ကြေ‌နေခဲ့ပါပြီ။

အခုလည်း (NLD) တစ်ပါတီထဲ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ဖို့ ယုံမှတ်ပုံအပ်ပြီး အသဲကြားမဲကို ‌ပေးခဲ့ကြပြီပဲ။ လူမျိုး ‌ပေါင်းစုံ ပြည်သူ‌တွေက ‌နောက်ထပ် ဘာ‌တွေ‌ပေးရဦးမှာလဲ။ ‌ချွေးလား၊ ‌သွေးလား၊ အရှက်နဲ့ဂုဏ်သိက္ခာလား၊ အသက်လား။

“တကယ့်အ‌ပြောင်းအလဲ” အတွက်သာဆိုရင် လူမျိုး‌ပေါင်းစုံပြည်သူများအ‌နေနဲ့ ‌ချွေး‌တွေ၊ ‌သွေး‌တွေ၊ အရှက်နဲ့ ဂုဏ်သိက္ခာ၊ အသက်‌တွေ အိုးအိမ်စည်းစိမ်‌တွေ စွန့်လွှတ်‌ပေးလှူဖို့အသင့် ဖြစ်ပါတယ်။

ညွန်း
– တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် Washington Post သတင်းဌာန အင်တာဗျူး (၂၁-၁၁-၂၀၁၅)
– “မိမိဘာ‌ပေးနိုင်မလဲ စိတ်ဓါတ်နဲ့ ချဉ်းကပ်ကြဖို့ ‌ဒေါ်‌အောင်ဆန်းစုကြည်တိုက်တွန်း” (RFA) (၇-၁၂-၂၀၁၅)