Home ဆောင်းပါး အသံမဲ့ကမ္ဘာကို ရောင်စုံစုတ်ချက်တို့ဖြင့် သက်ဝင်စေသူ အနုပညာရှင်မလေး

အသံမဲ့ကမ္ဘာကို ရောင်စုံစုတ်ချက်တို့ဖြင့် သက်ဝင်စေသူ အနုပညာရှင်မလေး

17

အသံမဲ့ကမ္ဘာကို ရောင်စုံစုတ်ချက်တို့ဖြင့် သက်ဝင်စေသူ အနုပညာရှင်မလေး

နော်ချားချား

(၉ စက်တင်ဘာ၊ ၂၀၂၆)

ကော်သူးလေနယ်မြေ တောတောင်ထဲက အစည်းအဝေးတစ်ခုမှာ တက်ကြွစွာ မနားမနေ လှုပ်ရှားနေတဲ့ အသားဖြူ ဖြူနဲ့ သွယ်လျလျ ကရင်အမျိုးသမီးငယ်တစ်ဦး။ သူမကတော့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရဲ့ သက်တမ်း ရင့်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ နော်ဒီးဖောပါ။

သူမဟာ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးအတွက်ဖြစ်စေ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်းအဝေးအတွက်ဖြစ်စေ လိုအပ်တဲ့ပံ့ပိုးမှု၊ ပါဝင်တက်ရောက်နေသူ အမျိုးသမီးခေါင်းဆောင် တွေအတွက် လိုအပ်ချက်တွေ လစ်ဟင်းမှုမရှိအောင် တာဝန်ထက် ပိုပြီး ကူညီလုပ်ဆောင်ပေးတတ်သူ ဖြစ်ပါတယ်။

ဒီလို အစည်းအဝေးအတွက် ရက်အစမှအဆုံးထိ ဓာတ်ပုံနဲ့ ဗွီဒီယိုမှတ်တမ်းကို ဖုန်းလေးတစ်လုံးနဲ့ မျက်ခြေမပြတ်ရိုက် ယူနေတာအပြင် တင်ပြဆွေးနွေး မေးမြန်းလိုသူတွေထံ မိုက်ခရိုဖုန်းကို မပြေးရုံတမယ် ခပ်သွက်သွက် ကမ်းပေးရတာ လည်း သူမရဲ့ တာဝန်တစ်ခုပါပဲ။

အမျိုးသမီးတစ်ဦးရဲ့ တည်ငြိမ်ရင့်ကျက်မှု၊ တိကျပြတ်သားစွာ လုပ်ဆောင်တတ်မှုတွေက နော်ဒီးဖောရဲ့အရည်အချင်း တွေဖြစ်ပါတယ်။ လေးထောင့်ဆန်ဆန် မျက်နှာကျ၊ ပြုံးလိုက်ရင် ပေါ်လွင်တဲ့ပါးချိုင့်လေးနဲ့ ကျောလယ်ခန့် သန်စွမ်း နက်မှောင်နေတဲ့ လိန်ကောက်ကောက်ဆံနွယ်ပိုင်ရှင် သူမဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူ ဖြစ်ပါတယ်။

လူတိုင်းဟာ ပြီးပြည့်စုံသူများ မဟုတ်သလို သူမဟာလည်း ပြည့်စုံသူတစ်ယောက် မဟုတ်ပါဘူး။ မွေးရာပါ အကြား အာရုံနဲ့ စကားပြောနိုင်စွမ်း မရှိတာက သူမရဲ့မပြည့်စုံမှုဆိုပေမယ့် စည်းကမ်းရှိမှု၊ အလုပ်ဇွဲရှိမှု၊ စာနာကူညီတတ်မှုနဲ့ မိမိကိုယ်ကို သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်မှုတွေကြောင့် KWO ရဲ့ ဝန်ထမ်းတွေနဲ့ နယ်မြေစုံ အမျိုးသမီးခေါင်း ဆောင်တွေက သူမကို ထူးခြားထက်မြက်သူအဖြစ် အသိအမှတ်ပြုထားကြတာပါ။

သို့သော် နော်ဒီးဖောရဲ့ငယ်ဘဝက မလှပ၊ မချောမွေ့ခဲ့ပါဘူး။ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းမှာ ကြီးပြင်းလာတဲ့ သူမဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ တောတွင်းတစ်နေရာမှာ မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ တယ်။ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုပြီး မွေးဖွားလာတဲ့ မောင်နှမအငယ်တွေကို ကူထိန်းရင်း ထင်းခုတ်၊ အိမ်အလုပ်ကူလုပ်တာတွေကို ခက်ခဲစွာ ဖြတ်သန်းကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ အဒေါ်ဖြစ်သူက သူမအတွက် စိတ်ပူပြီး မယ်လစခန်းက KWO Safe House အဆောင်မှာ လာ ရောက်အပ်နှံထားခဲ့ပါတယ်။ နော်ဒီးဖောရဲ့ ဝါသနာ အားသာချက်ကတော့ ပန်းချီဆွဲခြင်းပါပဲ။ သူမဟာ စကားမပြော တတ်ပေမယ့်လည်း ဒုက္ခသည်စခန်းထဲက KWO ရဲ့ Special Education – SE ကျောင်းမှာ Sign Language (လက် သင်္ကေတ ဘာသာစကား)ကို ကြိုးစားသင်ယူ တတ်မြောက်ခဲ့ပါတယ်။

၂၀၁၄ခုနှစ်မှာ သူမရဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲမယ့် အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်။ ကရင်အမျိုးသမီးအ စည်းအရုံး (KWO) ဗဟိုမှ ခေါင်းဆောင်တစ်ဦး (လက်ရှိ မွေးစားအမေ)ဟာ မယ်လဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ တော့ နော်ဒီးဖောနဲ့ ဆုံတွေ့ခဲ့ပြီး သူမအခြေအနေကို စတင် သိရှိခဲ့ရတာ ဖြစ်ပါတယ်။

“ကျမ သူ့ကို စတွေ့တဲ့အချိန်က သူ့အသက်က ၁၈ နှစ် ဖြစ်တယ်။ ကျမ သူ့ကိုတွေ့တော့ ဘာဖြစ်လို့ သူက ယာယီခိုလှုံ ဆောင်မှာ လာနေနေရတာလဲ မေးကြည့်တော့ သူ့အဒေါ်က ပြောတယ်။ သူက နားမကြား၊ စကားမပြောတတ်တော့ ဒီတိုင်းစခန်းထဲမှာ လျှောက်သွားနေတာနဲ့ သူ့ကို စိတ်ပူပြီး မထိန်းနိုင်မှာစိုးလို့ အမျိုးသမီးအစည်းအရုံးမှာ လာထား တယ်။”လို့ သိရကြောင်း မွေးစားမိခင်ဖြစ်သူ KWO ဥက္ကဋ္ဌ နော်ကညောဖောက ပြောပါတယ်။

ဒီလိုနဲ့ သူမကို KWO ဗဟိုရဲ့ ရုံးရှိရာမှာ ခေါ်သွားခဲ့ပြီးနောက် အိမ်မှာခေါ်နေလိုက်တယ်လို့ ဆိုပါတယ်။ နေ့စဉ် ဆက်သွယ်ပြောဆိုနေရတာကြောင့် နော်ကညောဖောအနေနဲ့ နော်ဒီးဖောဆီကနေ လက်သင်္ကေတဘာသာစကားကို ပြန်လည်သင်ယူရင်း အပြန်အလှန် ဆက်ဆံပြောဆိုမှုတွေက အဆင်ပြေ ချောမွေ့သွားကြပါတယ်။

နော်ဒီးဖောဟာ တကယ်တော့ သင်ယူလိုစိတ် ပြင်းပြသူတစ်ဦးဖြစ်တယ်ဆိုတာကို သတိထားမိပြီး သူမ ဝါသနာပါတဲ့ ပန်းချီဆွဲတဲ့ အတတ်ပညာကို ကွန်ပျူတာနဲ့ သင်ယူနိုင်အောင် မွေးစားမိခင်ဖြစ်သူ KWO ဥက္ကဌ နော်ကညောဖောက ချိတ်ဆက်စီစဉ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ပန်းထိုးအတတ်ပညာကိုသင်ယူခဲ့ပြီး စားပွဲတင် ပလတ်စတစ်စက္ကူပန်း တွေကို တစ်အိုးပြီးတစ်အိုး အရောင်မတူအောင်၊ ပုံစံမတူအောင် ပန်းထိုးဖန်တီးကာ ပျော်ရွှင်ကျေနပ်နေသူလည်း ဖြစ် ပါတယ်။

အခုဆိုရင် ဒုက္ခသည်စခန်းနဲ့ နယ်မြေထဲက မူကြိုကျောင်းနဲ့ မူလတန်းသင်ရိုးမှာသုံးနေတဲ့ ရုပ်ပြပုံတွေ၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အခမ်းအနားတွေမှာသုံးတဲ့ ရုပ်ပြပုံတွေဆိုတာ နော်ဒီးဖောရဲ့ ပညာစွမ်းရည်နဲ့ ရေးဆွဲထားတာတွေ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမ ထိုးထားတဲ့ ပန်းအိုးတွေကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချပြီး ရရှိတဲ့ဝင်ငွေလေးတွေကို စုထားလေ့ရှိပါတယ်။

၂၀၂၆၊ မတ်လ ၈ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ပြုလုပ်တဲ့ ပန်းချီပြိုင်ပွဲမှာ နော်ဒီးဖောဟာ ဒုတိယဆု ကို ဆွတ်ခူးရရှိခဲ့ကြောင်း Thoo Mweh Khee Fine Art Program စာမျက်နှာမှာ တွေ့ရပါတယ်။ “နော်ဒီးဖောဟာ ဒုက္ခသည်စခန်းမှဖြစ်ပြီး နားမကြားသူ အမျိုးသမီးငယ်တစ်ဦးလည်းဖြစ်ပါတယ်။ ပန်းချီကို self study သင်ယူလေ့ လာပြီး အမျိုးသမီးအဖွဲ့များအတွက် ပိုစတာများကို ဆွဲပေးနေသူလည်းဖြစ်ပါတယ်။”လို့ ဂုဏ်ယူစွာ ဖော်ပြထားပါ တယ်။

” ပြိုင်တဲ့လူ အများကြီးထဲကမှ သူက ဒုတိယဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားတာဖြစ်တယ်။ လွတ်လပ်တဲ့ Society ကို တည်ဆောက်တဲ့ပုံလေးကို သူဆွဲတာ အရမ်းပီပြင်တဲ့အတွက်ကြောင့် ဒိုင်လူကြီး လေးဦးပေါ့နော်။ အမှတ်တွေတပြေးညီပေးပြီးတော့ ဒုတိယဆု ဆွတ်ခူးသွားတာဖြစ်ပါတယ် ” လို့ ပြိုင်ပွဲကို ပြုလုပ်ပေးတဲ့ Kaw Thoo Lei Art School တည်ထောင်သူ ဆရာမ နော်လားစေးက ပြောပါတယ်။

နော်ဒီးဖောဟာ မွေးရာပါ မသန်စွမ်းဆိုသော်လည်း ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေသူ မဟုတ်ပါဘူး။ Google Translate ကို အသုံးပြုကာ သတင်းများကို လေ့လာတတ်ပါတယ်။ အင်္ဂလိပ်စာကို ထိုက်သင့်သလောက် နားလည်ပြီး ဖေ့စ်ဘွတ်ခ် Messenger ကတစ်ဆင့် စာရိုက်ကာ ဆက်သွယ်တတ်တဲ့အပြင် ထိုင်းဘာသာစကားနဲ့ ရေးထားတာကို လည်း အင်္ဂလိပ်လို ပြန်ဆိုတဲ့အထိ ကြိုးစားသူ၊ ဉာဏ်ရည်ထက်မြက်သူ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် နော်ဒီးဖောဟာ အခု ကရင်အမျိုးသမီးအစည်းအရုံး(KWO) ပညာရေးဌာနရဲ့ SE Program ဝန်ထမ်းတစ်ဦးဖြစ်သလို ရုံးလုပ်ငန်းတွေကိုလည်း ကူညီလုပ်ဆောင်ပေးသူဖြစ်ပါတယ်။ သူမဟာ အလုပ်အပေါ် တာဝန်ကျေတဲ့အပြင် အလွန်စည်းကမ်းလိုက်နာသူဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောဆိုပါတယ်။ ရုံးတက် ရုံးဆင်းချိန် တိကျရုံသာမက အလုပ်မရှိလျှင်လည်း ငေးငိုင်မနေတတ်ဘဲ တစုံတခုကိုလုပ်နေတတ်သူ ဖြစ်ပါတယ်။

ရုံးတွင်းမှာ ကျန်ဝန်ထမ်းတွေကို လက်ဟန်ပန်ဖြင့် “ဘာလုပ်ပေးရမလဲ။ ဘာလိုသလဲ” ဟု အမြဲမေးတတ်ပြီး ရုံးအ တွက် စာအိတ်တွေကို ကိုယ်တိုင်ခေါက်ပေးတာ၊ အစည်းအဝေးတွေမှာ ပန်ကာနဲ့ ပလပ်ပေါက်များအထိ လိုက်လံစစ် ဆေးပေးတာတွေနဲ့ အခြားသူတွေ သတိမထားမိလိုက်တဲ့ အသေးစိတ်ကိစ္စတွေကအစ ဂရုတစိုက် ဖြည့်ဆည်းပေး တတ်တာတွေဟာ သူမရဲ့ တာဝန်သိစိတ်၊ စေတနာထားတတ်စိတ်တွေပဲလို့ လုပ်ဖော်ကိုင်ဖက်တွေက ဆိုပါတယ်။

အမျိုးသမီးခေါင်းဆောင်တစ်ဦးက “ဒီးဖောဟာ စကားမပြောတတ်ပေမယ့် သူ ရှိနေရင် အလုပ်လုပ်ရင်း၊ လျှော်ဖွပ် ရင်း၊ ချက်ပြုတ်ရင်း၊ သန့်ရှင်းရေးလုပ်ရင်း အို့အို့ အအနဲ့ သူ့အသံကိုတော့ ကြားကြားနေရတယ်။ စကားသံနဲ့တူတဲ့ သူ့ပြော ဆိုမှု၊ အော်ခေါ်မှုလေးတွေပေါ့။ သူ့ကိုကြည့်ရင် အမြဲအလုပ်လုပ်နေ၊ လှုပ်ရှားသွားလာနေတာပဲ တွေ့ရ တယ်။ သာမန်အမျိုးသမီးတွေထက် ပိုတက်ကြွသူလို့တောင် ပြောလို့ရတယ်။”လို့ ပြောပါတယ်။

မွေးကတည်းက ဖြစ်တည်မှုအတွက် သိမ်ငယ်ခြင်းမရှိတဲ့ နော်ဒီးဖောအတွက် မသန်စွမ်းဆိုတာ ကွဲပြားတဲ့ စွမ်းဆောင် နိုင်မှုတစ်ခုသာဖြစ်တယ်လို့ ကြိုးစားအားထုတ်မှုတွေက သက်သေပြနေပါတယ်။ မွေးစားမိခင် နော်ကညောဖောအနေ နဲ့ကလည်း နော်ဒီးဖောဟာ သူမအတွက်ကော၊ လုပ်ငန်းခွင်အတွက်ကော ထောင့်စေ့အောင် စိတ်ချရသူတစ်ဦးအဖြစ် ယုံကြည်အားထားရသူလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တောတောင်ထဲ ခရီးသွားရတာတွေ၊ စစ်ရေးပဋိပက္ခနေရာတွေနဲ့ အနီးဝန်းကျင်မှာ ရှိနေချိန်တွေမှာဆို စစ်အုပ်စုရဲ့ လေကြောင်းပျံသန်းမှုတွေရှိလာရင် သူမအတွက် စိုးရိမ်ရပါတယ်။ နားမကြားသူဖြစ်တဲ့အတွက် စစ်တပ်ရဲ့ တိုက်လေယာဉ်တွေလာတဲ့အခါ သူမအတွက် အန္တရာယ်ရှိတာကြောင့် လေယာဉ်ဗုံးကြဲဖို့ပျံသန်းလာရင် လုပ်ဖော်ကိုင် ဖက်တွေက သူမကို လိုက်ခေါပြီး လုံခြုံတဲ့နေရာကို ပို့ပေးထားရပါတယ်။ ဒီအခြေအနေမျိုးမှာလည်း သူမဆီမှာ ကြောက်ရွံ့နေတာမျိုးကို မတွေ့ရဘူးလို့ လုပ်ဖော်ကိုင်ဖက်များက ပြောပါတယ်။

ဖခင်ဆုံးပါးခဲ့ပြီး မိခင် အိမ်ထောင်သစ် ထူထောင်ခဲ့လို့ ချစ်ခြင်းမေတ္တာတွေ အပြည့်အ၀ မရရှိခဲ့ပေမယ့်လည်း နော်ဒီး ဖောဟာ မေတ္တာ၊ စေတနာတရား ခေါင်းပါးသူတစ်ဦးတော့ မဟုတ်ပါဘူး။ သူမ ရတဲ့မုန့်ဖိုးတွေကိုစုပြီး သက်ကြီးရွယ် အိုတွေကို မုန့်ပြန်ဝယ်ကျွေးတာတွေလုပ်လေ့ရှိတယ်လို့ မိခင်ဖြစ်သူ နော်ကညောဖောက ပြောပါတယ်။ ဒါ့အပြင် သူနဲ့ ဘ၀တူ မွေးစားခံရတဲ့ ညီမငယ်ရဲ့ ဝေယျာ၀စ္စတွေကိုလည်း အစ်မတာဝန် ကျေပြွန်သူတစ်ယောက်ပါ။

ဒီလို ထူးခြားပြီး ရှားပါးတဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကရင်အမျိုးသမီးအစည်းအရုံးမှာ ၁၁နှစ်တိုင်တိုင် တစိုက် မတ်မတ် လုပ်ကိုင်ခဲ့လို့ ၂၀၂၅ ဧပြီလ ၅ရက်နေ့မှာကျရောက်တဲ့ KWO နှစ် ၄၀ ပြည့် အခမ်းအနားမှာ လုပ်သက် ၁၀နှစ် ပြည့် ဝန်ထမ်းကောင်း ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ကြိုးစားမှု၊ အနစ်နာခံမှုနဲ့ ယုံကြည်မှုရှိရှိ လုပ်ဆောင်ခဲ့ မှုတွေကြောင့်ဖြစ်သလို သန်စွမ်းသူကော၊ မသန်စွမ်းသူများအတွက်ပါ စံပြုထိုက်သူအဖြစ် ဂုဏ်ယူစရာဖြစ်ပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဌ နော်ကညောဖောကတော့ သူမရဲ့သမီးကြီး နော်ဒီးဖောကို ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး အများလေးစားအားကျရတဲ့ အမျိုးသမီးတစ်ဦးဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မယ်လစခန်းမှာနေစဉ်က သူမကို အနီးကပ် ပြုစုပေးခဲ့ဖူးတဲ့ SE ကျောင်းက ဆရာမ နော်စန်းမြင့်ကလည်း နော်ဒီးဖောဟာ အများအမြင်မှာ နားမကြား၊ စကားမပြောတတ်သူဖြစ်ပေမဲ့ စံပြအတုယူစရာ လူငယ်တစ်ဦးဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း အခုလို ပြောပါတယ်။

“နော်ဒီးဖော သူ့ရဲ့ လုပ်ဆောင်မှု၊ တတ်ကျွမ်းမှုတစ်ခုစီကို ခေါင်းဆောင်တွေအနေနဲ့ အသိအမှတ်ပြုပြီး အသုံးပြုဖို့ သူ့ကိုလည်းအားပေးဖို့၊ တခြားသောသူတွေကို နှိမ့်ချတဲ့အမြင်တွေ၊ စိတ်တွေမထားဖို့ သူ့ကို စံပြနမူနာတစ်ယောက် လိုကြည့်ပြီး ဖြစ်စေချင်တယ်။”လို့ နော်စန်းမြင့်က ပြောပါတယ်။

ဒီလိုမျှော်လင့်ချက်တွေက မဝေးသောကာလလေးမှာ ရောက်ရှိလာတော့မှာဖြစ်သလို နော်ဒီးဖောရဲ့ လုပ်ရည်ကိုင်ရည်၊ လက်ရာ ပန်းချီကားတွေနဲ့ ပလပ်စတစ်စက္ကူပန်းထိုး လက်ရာတွေကတော့ ကော်သူးလေဒေသနဲ့ ဒုက္ခသည်စခန်းတွေ က စာသင်ကျောင်းတွေနဲ့ အစည်းအဝေး၊ အခမ်းအနားတွေအထိ မြင်တွေ့နေရပြီး ဖြစ်ပါတယ်။

တကယ်တော့ “မသန်စွမ်းမှုဆိုတာ လူတိုင်းမှာ မတူညီတဲ့ သန်မာမှုနဲ့ စွမ်းဆောင်မှုတွေ ဒွန်တွဲနေခြင်း”သာ ဖြစ်တယ်ဆို တာကိုတော့ အနာဂတ်ရဲ့ ကရင်အမျိုးသမီးခေါင်းဆောင်ငယ် နော်ဒီးဖောရဲ့ ဖြတ်သန်း လုပ်ဆောင် ဖန်တီးမှုတွေက အသံမဲ့ကမ္ဘာရဲ့ ရောင်စုံစုတ်ချက် သက်သေတစ်ခုပဲ မဟုတ်ပါလား။