Home သတင်း ကရင်လက်နက်ကိုင်(၃)ဖွဲ့ပါ KNPC နှင့် ပြည်နယ်စစ်အုပ်စုတို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံစကားပြောမည်

ကရင်လက်နက်ကိုင်(၃)ဖွဲ့ပါ KNPC နှင့် ပြည်နယ်စစ်အုပ်စုတို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံစကားပြောမည်

19
Photo: KNPC

စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) တို့ပါဝင်သည့် ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ-KNPC တို့ စစ်ဘေးရှောင်အရေးနှင့်ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ပြည်နယ်စစ်အုပ်စုနှင့်တွေ့ဆုံစကားပြောမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၇)ရက်နေ့က မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြိုင်တွင် KNPC ဦးဆောင်ကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီတို့ပူးတွဲကျင်းပသည့် ပထမအကြိမ်အစည်းအဝေး၌ ထိုသို့ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အစည်းအဝေးတက်ရောက်သူအချို့ က ပြောသည်။

“အကြမ်းဖျင်းကတော့ စစ်‌ဘေးဒုက္ခသည်တွေကို သွားပြီးတော့အကူအညီပေးမယ်။ နောက်တစ်ခုက အခြေအနေပေးရင် KNPC နဲ့ တာဝန်ရှိတဲ့ပြည်နယ်ကအဖွဲ့အစည်း(ပြည်နယ်စစ်အုပ်စု)နဲ့ ငြိမ်းချမ်းရေးကိစ္စတွေ့ဆုံဆွေးနွေးမယ် အဲ့လိုဆုံးဖြတ်ထားတယ်” ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)ဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။

Photo: KNPC

ထို့အပြင် ပထမအကြိမ် KNPC အစည်းအဝေးတွင် ပြည်နယ်စစ်အုပ်စုနှင့်သွားရောက်တွေ့ဆုံမည့်သူများ ပါဝင်သော အဖွဲ့ဖွဲ့စည်းမှု ရှိခဲ့သော်လည်း အကောင်အထည်ဖော်မည့်ရက်အတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။

အစည်းအဝေးကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ အနားယူခဲ့ကြသည့် စောမူတူးစေးဖိုး၊ စောရွှေမောင်းတို့အပါအဝင် PC မှ ဗိုလ်မှူးကြီး စောကျော်ညွှန့်၊ ကရင်ပြည်နယ်ခြားစောင့်တပ်-BGF/KNA ၏ ဗိုလ်မှူးကြီး စောချစ်သူ၊ ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ကရင်ပါတီအသိုင်းအဝိုင်းမှတာဝန်ရှိသူများ စသည်တို့ပါဝင်တက်ရောက်ကြကြောင်းလည်း ပေါ်ထွက်လာသည့် ပုံမှတ်တမ်းများအရ သိရသည်။

KNPC (မူလက KNPBC) ကို အကြမ်းမဖက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တည်ဆောက်ရန်နှင့် ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီရန် ကရင်လက်နက်ကိုင်အဖွဲ့အချို့၊ ဘာသာရေးခေါင်းဆောင်များနှင့် ကရင်နိုင်ငံရေးပါတီများဖြင့် ပြီးခဲ့သည့် ဧပြီလ(၈)ရက်နေ့က စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။