Home သတင်း တော်လှန်ရေးသက်တမ်း (၇၃)နှစ်ရှိ KNLA တပ်မဟာ(၁)၊ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောကျော်လင်း ကွယ်လွန်

တော်လှန်ရေးသက်တမ်း (၇၃)နှစ်ရှိ KNLA တပ်မဟာ(၁)၊ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောကျော်လင်း ကွယ်လွန်

33

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေးသက်တမ်း (၇၃)နှစ်ရှိသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထူးသထူခရိုင် KNLA တပ်မဟာ(၁)၏ တပ်မဟာမှူးဟောင်းဖြစ်သူ ဗိုလ်မှူးချုပ် စောကျော်လင်းသည် စက်တင်ဘာလ (၉)ရက်နေ့တွင် ကွယ်လွန်သွားပြီဟု ကေအဲန်ယူက ထုတ်ပြန်သည်။

ဗိုလ်မှူးချုပ် စောကျော်လင်းသည် ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ်ရှိပြီဖြစ်ကာ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ကျေပွန်သွားပြီဖြစ်ကြောင်းလည်း ကေအဲန်ယူမှ ယနေ့ စက်တင်ဘာလ (၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။

ဗိုလ်မှူးချုပ် စောကျော်လင်းသည် ကရင်တော်လှန်ရေးအတွက် မားမားမတ်မတ်ရပ်တည်ကာ တန်ဖိုးရှိ သည့် ခေါင်းဆောင်တစ်ဦးဖြစ်သလို တော်လှန်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့်အတွက် ကရင်တော်လှန်ရေးအတွက် ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်စေကြောင်းလည်း ကေအဲန်ယူ၏ ပြောခွင့်ရ ပဒိုစောကလယ်စေးက ဆိုသည်။

ပဒိုစောကလယ်စေးက “အဖူးဟာ တော်လှန်ရေးအတွက် လမ်းညွှန်၊ လမ်းပြကောင်းတစ်ဦးဖြစ်ပါတယ်။ တော်လှန်ရေးလမ်းကြောင်းကိုလည်း မှန်မှန်ကန်ကန်ပဲ လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ အများကလည်း လေးစားတဲ့ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တယ်။ ပြီးတော့ အရည်အချင်းပြည့်ဝတဲ့ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးလို့ ပြောလို့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကွယ်လွန်သွားသည့် ဗိုလ်မှူးချုပ် စောကျော်လင်းသည် ၁၉၅၃ ခုနှစ်က ကရင်တော်လှန်ရေးထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်၊ ဒုဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး စသည့် ရာထူးအဆင့်ဆင့်တက်ခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဆင့် တပ်မဟာမှူးတာဝန်ကို ယူခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင် ၁၉၇၄ ခုနှစ် ဒုဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေသည့်အချိန်တွင်လည်း ကေအဲန်ယူ ကျိုက်ထိုမြို့နယ်ဥက္ကဋ္ဌတာဝန်ကိုပါ ပူးတွဲတာဝန်ယူလုပ်ကိုင်ခဲ့ရသည်။

ထို့နောက် တပ်မဟာမှူးတာဝန်ကို (၃၂)နှစ်ကြာတိုင် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် အသက်အရွယ်ကြောင့် တာဝန်မှ အနားယူသွားခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးချုပ် စောကျော်လင်း၏ သားဖြစ်သူမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောပလေ့ ဖြစ်ပြီး ၎င်းသည် ၂၀၂၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။