Home သတင်း DKBA နယ်မြေအတွင်းသို့ ကျားဖြန့်လုပ်ငန်းများ နေရာရွှေ့ပြောင်းမှု ဆက်တိုက်ပြုလုပ်လာ

DKBA နယ်မြေအတွင်းသို့ ကျားဖြန့်လုပ်ငန်းများ နေရာရွှေ့ပြောင်းမှု ဆက်တိုက်ပြုလုပ်လာ

10
Photo: Naphat Kongchan (ပုံဟောင်း)

စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ယခု စက်တင်ဘာလအတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA ထိန်းချုပ်နယ်မြေအတွင်းသို့ နေရာရွှေ့ပြောင်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ဖလူး-ဝေါလေ လမ်းပိုင်းရှိ ကဆောဝါးလေးတောင်၊ ကျော်ဝါးဘိုးတောင်နှင့် ရဲကုန်းစခန်း နေရာများတွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လေကြောင်းနှင့် ဒရုန်း ဗုံးကြဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းကြောင့် ကျားဖြန့် လုပ်ငန်းများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်၍ DKBA ထိန်းချုပ်နယ်မြေထဲသို့ နေရာရွှေ့ပြောင်းနေကြခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ကိုင်ပေးနေသည့် ဒေသခံအသိုင်းအဝိုင်းက ပြောသည်။

“စစ်တပ်က လက်နက်ကြီးနဲ့ ဖလူးက DKBA စခန်းကို ပစ်တယ်၊ ပြီးတော့ ကျောက်ခက်က ဗုဒ္ဓဂါယာ ဘုရားကုန်းကို ကာမီကာဇေ (အသေခံဒရုန်း) ကြဲချတယ်ဆိုတော့ တရုတ်ကျားဖြန့်တွေ မနေကြတော့ဘူး။ ဆုံဆည်းမြိုင် ဌာနချုပ်ကို ပြောင်းတယ်၊ တောင်နီ၊ ဝါးမီထဘက်၊ ဝေါလေ ကမ်းနားဘက်တွေ ပြောင်းကုန်တယ်။ အဲဒီဘက်က အဆောက်အအုံတွေကို ကျနော်တို့ ဆောက်ပေးနေတာ” ဟု ဒေသခံ ဆောက်လုပ်ရေးအလုပ်သမား တစ်ဦးက ပြောသည်။

ကျားဖြန့်ငွေလိမ်လုပ်ငန်းများ ရွှေ့ပြောင်းရာတွင် နေရာထိုင်ခင်းလုပ်ရန် ဝေါလေလမ်းပိုင်း တောင်ကျောဘက်နေရာများ၌ အဆောက်အအုံအသစ်များကို ရွှေ့ပြောင်းဆောက်လုပ်ပေးနေရခြင်းလည်း ရှိသည်။ ထိုနေရာများသို့ မြန်မာအပါအဝင် တရုတ်လူမျိုးနှင့် အခြားနိုင်ငံခြားသားများလည်း ရွှေ့ပြောင်းရောက်ရှိလာသည်ဟု ဆုံဆည်းမြိုင်ရွာခံများထံမှ သိရသည်။

Photo: Naphat Kongchan (ပုံဟောင်း)

အမည်မဖော်လိုသူ ရွာခံတစ်ဦးက “ဆုံဆည်းမြိုင်မှာလည်း ဆိုင်တွေလာဖွင့်ကြတယ်။ တောင်နီ တောင်ကျောပေါ်မှာ ‘ရွှေတောင်နီ’ ဆိုပြီး ကျားဖြန့်ဆိုဒ်အသစ်တွေရှိသလို လူတွေလည်းလာပြောင်းနေကြတယ်။ ကျောက်ခက်၊ ဖလူး၊ မင်းလက်ပံမှာ တိုက်ပွဲ ဖြစ်နေတာကြောင့် တရုတ်တွေ ဒီဘက်ပြောင်းလာကြတာ၊ ဈေးဆိုင်တွေလည်း ဒီဘက်ကို ရွှေ့လာကြတာ” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

အဆိုပါကျားဖြန့်များ နေရာရွှေ့ပြောင်းရာတွင် DKBA ဘက်က လုံခြုံရေး လိုက်ပါဆောင်ရွက်မှုရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။ ထိုကိစ္စအပေါ် DKBA ဗဟို ဆက်ဆံရေးရုံးဘက်သို့ ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံသော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေး ဖြေကြားခြင်းမရှိပေ။

လတ်တလောတွင် ဖလူး-ဝေါလေ လမ်းပိုင်းရှိ တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းများ၌ စစ်အုပ်စုဘက်က ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိနေသည်။ ထို့အတူ ညအချိန်တွင် လေကြောင်းဗုံးကြဲမှုရှိလာနိုင်သဖြင့် အထူးဂရုစိုက်နေထိုင်ကြရန် KNLA မဟာမိတ်တပ်ဖွဲ့က ဒေသခံများကို သတိပေးထားကြောင်းလည်း သိရသည်။